ပုဒ်မ ၅၇
ပုဒ်မ ၅၇
အမည်နှင့်နေရပ်လိပ်စာ ပေးရန်ငြင်းဆိုခြင်း

(၁)မည်သူမဆို ရဲအရာရှိရှေ့မှောက်တွင် ရဲအရေးယူပိုင်ခွင့်မရှိသော ပြစ်မှုတစ်ခုကို ကျူးလွန်၍ ဖြစ်စေ၊ ကျူးလွန်ကြောင်းစွပ်စွဲခံ ရ၍ဖြစ်စေ ၎င်းအမည်နှင့် နေရပ်လိပ်စာကို မေးမြန်းရာ၌ ပေးရန် ငြင်းဆိုလျှင် သို့မဟုတ် ပေးသော်လည်း မမှန်ဟု ယုံကြည်လောက်သည့် အကြောင်းရှိလျှင် ထိုသူ၏ အမည်နှင့် နေရပ်လိပ်စာအမှန်ကို သိရှိနိုင်ရန်အတွက် ၎င်းအား ဖမ်းဆီးနိုင်ခွင့် ရှိသည်။

(၂) အမည်နှင့် နေရပ်လိပ်စာအမှန်ကို သိရှိပြီးနောက် လိုအပ်သည့်အခါ ရာဇဝတ်တရားသူကြီး ရှေ့မှောက်သို့ လာရောက်စေရန် အာမခံသူနှင့်ဖြစ်စေ၊ အာမခံသူမပါဘဲနှင့်ဖြစ်စေ ခံဝန်ချုပ်ဆို ပါက ထိုသူအား လွှတ်ရမည်။

သို့ရာတွင် ထိုသူသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း နေထိုင်သူ မဟုတ်လျှင် ခံဝန်ချုပ် ခိုင်မာစေရန်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း နေထိုင်သည့် အာမခံသူတစ်ဦနှင့်ဖြစ်စေ၊ အများနှင့်ဖြစ်စေ ခံဝန်ချုပ်ဆိုပြီးမှ ထိုသူအား လွှတ်ရမည်။

(၃) ထိုသူအား ဖမ်းဆီးချိန်မှ ၂၄ နာရီအတွင်း ထိုသူ၏အမည်နှင့် နေရပ်လိပ်စာ အမှန်ကို မသိရ သေးလျှင်ဖြစ်စေ၊ ခံဝန်ချုပ်ဆိုရန် ပျက်ကွက်လျှင်ဖြစ်စေ၊ အာမခံပေးရန် ဆင့်ဆိုရာ၌ အာမခံသူ လုံလောက်အောင် မပေးဘဲ ပျက်ကွက်လျှင်ဖြစ်စေ ထိုသူအား စီရင်ပိုင်ခွင့် အာဏာ ရှိသည့် အနီးဆုံး ရာဇဝတ်တရားသူကြီးထံ ချက်ချင်းပို့ရမည်