ပုဒ်မ ၅၁၄
ပုဒ်မ ၅၁၄
ခံဝန်ချုပ်ကို သိမ်းယူသည့်အခါ လိုက်နာရန်ကျင့်ထုံး

ဤကျင့်ထုံးဥပဒေအရ ခံဝန်ချုပ်ရယူခဲ့သည့် တရားရုံး ကဖြစ်စေ၊ ပထမတန်း အာဏာရ ရာဇဝတ်တရားသူကြီးတစ်ဦးကဖြစ်စေ ကျေနပ်လောက်အောင်၊ သို့မဟုတ် ခံဝန်ချုပ်မှာ တရားရုံး တစ်ရုံးရှေ့သို့ ရောက်ရှိရန်အတွက်ဖြစ်လျှင် ထိုတရားရုံးက ကျေနပ်လောက်အောင် အဆိုပါ ခံဝန်ချုပ်မှာ ပျက်ကွက်သည့်အတွက် သိမ်းယူခြင်းခံရကြောင်း ထင်ရှားသည့် မည်သည့်အခါတွင်မဆို ယင်းတရားရုံးသည် အဆိုပါထင်ရှားစေသည့် အကြောင်းအချက်များကို ရေးမှတ်ရမည်။ ထို့ပြင် အဆိုပါခံဝန်ချုပ်အရ တာဝန်ရှိသူ မည်သူ့ကိုမဆို ခံဝန်ချုပ်ပါဒဏ်ကြေးကို ပေးဆောင်စေရန်၊ သို့မဟုတ် မည်သည့်အတွက် ထို ဒဏ်ကြေး ကို မပေးဆောင်သင့်ကြောင်း အကြောင်းပြထုချေစေရန် ဆင့်ဆိုနိုင်သည်။

(၂) လုံလောက်သည့်အကြောင်းမပြနိုင်သည့်အပြင် ဒဏ်ကြေးကိုလည်းမပေး ဆောင်ခဲ့လျှင် ထိုသူပိုင်ရွှေ့ပြောင်းနိုင်သော ပစ္စည်းများကိုဖြစ်စေ၊ ထိုသူသေဆုံးခဲ့လျှင် ထိုသူ၏ ပစ္စည်းဥစ္စာကိုဖြစ်စေ ဝရမ်းကပ်၍ ရောင်းချရန်အတွက် ဝရမ်းထုတ်ဆင့်ခြင်းအားဖြင့် တရားရုံးက ဒဏ်ကြေးရယူရန် ဆက်လက်ဆောင်ရွက်နိုင်သည်။

(၃) အဆိုပါဝရမ်းကို ဝရမ်းထုတ်ဆင့်သည့် တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာ နယ်မြေအတွင်း အတည်ပြုနိုင်သည်။ ထို့ပြင် အဆိုပါနယ်မြေပြင်ပတွင် ထိုသူပိုင် ရွှေ့ပြောင်းနိုင်သော ပစ္စည်းတစ်စုံတစ်ခုကို ဝရမ်းကပ်၍ ရောင်းချရန်ဖြစ်ပါက အဆိုပါပစ္စည်းတွေ့ရှိသည့်နယ်မြေအတွင်း စီရင်ပိုင်ခွင့်အာဏာရှိသော ခရိုင်ရာဇဝတ်တရားသူကြီးက ထပ်ဆင့်ရေးသား၍ လက်မှတ် ရေးထိုးသည့်အခါ ဝရမ်းကပ်၍ ရောင်းချနိုင်စေရမည်။

(၄) အဆိုပါဒဏ်ကြေးကိုမပေးသည့်အပြင် ဆိုခဲ့သည့်အတိုင်း ဝရမ်းကပ်၍ ရောင်းချ ခြင်းဖြင့် ထိုဒဏ်ကြေးမရရှိနိုင်လျှင် ယင်းသို့ ပေးဆောင်ရန် တာဝန်ရှိသူသည် ဝရမ်းထုတ်ခဲ့သည့် တရားရုံး၏အမိန့်ဖြင့် တရားမထောင်၌ ခြောက်လအထိကျခံထိုက်စေရမည်။

(၅) တရားရုံးသည် မိမိသဘောအတိုင်း ခံဝန်ချုပ်တွင်ဖော်ပြပါရှိသော ဒဏ်ကြေးအချို့အဝက်ကို လွတ်ငြိမ်းသက်သာခွင့်ပြု၍ တစ်စိတ် တစ်ဒေသကိုသာ ပေးဆောင်စေရန် အတင်းအကြပ် တောင်းဆိုနိုင်သည်။

(၆) ခံဝန်ချုပ်တစ်ခုတွင် အာမခံသူတစ်ဦးသည် ထိုခံဝန်ချုပ်မပျက်မီ သေဆုံးသည့်အခါ သူ၏ပစ္စည်းဥစ္စာသည် အဆိုပါခံဝန်ချုပ်နှင့်စပ်လျဉ်းသည့် တာဝန်အားလုံးမှ ကင်းလွတ်စေရမည်။

(၇) ပုဒ်မ ၁၀၆၊ သို့မဟုတ် ပုဒ်မ ၁၁၈၊ သို့မဟုတ် ပုဒ်မ ၅၆၂ အရ အာမခံပေးထားသူ မည်သူမဆို ၎င်း၏ခံဝန်ချုပ်ပါ စည်းကမ်းချက်များ၊ သို့မဟုတ် ပုဒ်မ ၅၁၄ခ အရ ချုပ်ဆိုသည့်ခံဝန်ချုပ်ပါ စည်းကမ်းချက်များကို ဖောက်ဖျက်သည့်ပြစ်မှုတစ်ရပ်ဖြင့် ပြစ်မှု ထင်ရှားစီရင်သည့် တရားရုံး၏ တာဝန်ခံစီရင်ချက် မိတ္တူတစ်စောင်ကို ၎င်း၏ခံဝန်သူတစ်ဦး၊ သို့မဟုတ် ခံဝန်သူများအပေါ် ဤပုဒ်မအရ စွဲဆိုသည့်အမှုတွင် သက်သေခံချက်အဖြစ် အသုံးပြုနိုင်သည်။ ထို့ပြင် အဆိုပါတာဝန်ခံစီရင်ချက်မိတ္တူကိုအသုံးပြုလျှင် မဟုတ်မမှန်ကြောင်း ထင်ရှား ပြသခြင်းမပြုနိုင်ပါက အဆိုပါပြစ်မှုကိုကျူးလွန်ခဲ့ကြောင်း တရားရုံးကမှတ်ယူရမည်။