ပုဒ်မ ၉၉-က
ပုဒ်မ ၉၉-က
ပုံနှိပ်ထုတ်ဝေသည့် သတင်းစာ၊ စာအုပ်စာတမ်း အချို့ကို သိမ်းယူကြောင်း ကြော်ငြာရန်နှင့် ထိုအရာများအတွက် အရမ်းများ ထုတ်ဆင့်ရန် အာဏာ

(၁) အကယ်၍ -

(က) ပုံနှိပ်တိုက် ( မှတ်ပုံတင် ) အက်ဥပဒေတွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည့် သတင်းစာ သို့မဟုတ် စာအုပ် သို့မဟုတ်

(ခ) မည်သည့်စာတမ်း အမှတ်အသားမဆို

မည်သည့်နေရာတွင် ပုံနှိပ်သည်ဖြစ်စေ အစိုးရကို အကြည်ညိုပျက်စေသည့် ရေးသားချက် တစ်စုံတစ်ရာ သို့မဟုတ် ပြည်ထောင်စုနိုင်ငံ၏ လုပ်ငန်းအဖွဲ့ကိုသော်လည်းကောင်း၊ ပြည်ထောင်စု အဖွဲ့ဝင်၏ လုပ်ငန်းအဖွဲ့ ကိုသော်လည်းကောင်း၊ အနိုင်အထက်ဖြစ်စေ သို့မဟုတ် သောင်းကျန်း သော နည်းဖြင့်ဖြစ်စေ ဖြိုဖျက်ရန် သို့မဟုတ် ဖျက်ဆီးရန် တာဝန်ဝတ္တရားရှိအပ်သည် သို့မဟုတ် လိုလားအပ်သည် သို့မဟုတ် တောင့်တအပ်သည် သို့မဟုတ် လျော်ကန် သင့်မြတ်သည်ဟု နှိုးဆော်သော သို့မဟုတ် အကြံပေးသော သို့မဟုတ် သင်ကြားသော ရေးသားချက်တစ်စုံတစ်ရာ သော်လည်းကောင်း သို့မဟုတ် မြန်မာနိုင်ငံ တွင်နေထိုင်သူ အမျိုးအစားတစ်ခုနှင့် တစ်ခု ရန်ငြိုး စိတ်ထားအောင် သို့မဟုတ် မုန်းတီးစိတ် ထားအောင် အားပေးသည့် သို့မဟုတ် အားပေးရန် ကြံရွယ်သည့် ရေးသားချက်တစ်စုံတစ်ရာ သော်လည်းကောင်း သို့မဟုတ် အဆိုပါ သူတစ်ပါး ကိုးကွယ်သည့် ဘာသာ သာသနာကို ဖြစ်စေ၊ ဘာသာသာသနာရေး ယုံကြည်မှုကိုဖြစ်စေ စော်ကားခြင်းဖြင့် ထိုသူတစ်စား၏ ဘာသာရေးစိတ်ကို နာကျည်းစေရန် တမင် မသမာသော စိတ်ဖြင့် ကြံရွယ်ချက်ရှိသော ရေးသားချက် တစ်စုံတစ်ရာသော်လည်းကောင်း၊ တစ်နည်းဆိုရလျှင် ပုံနှိပ်ထုတ်ဝေခြင်း ပြုပါက ရာဇသတ်ကြီးပုဒ်မ ၁၂၄-က (သို့မဟုတ် ပုဒ်မ ၁၂၄-ခ ) သို့မဟုတ် ပုဒ်မ ၁၅၃-က သို့မဟုတ် ပုဒ်မ ၂၉၅-က အရ ပြစ်ဒဏ်ချမှတ် နိုင်သောရေးသားချက် တစ်စုံတစ်ရာ သော်လည်းကောင်း ပါရှိသည်ဟု နိုင်ငံတော်သမ္မတက ယူဆလျှင် ယင်းရေးသား ချက်မျိုး ပါရှိသည့် သတင်းစာတိုင်း၊ စာအုပ်တိုင်း သို့မဟုတ် အခြားစာတမ်း အမှတ်အသားများ ကို အစိုးရက သိမ်းယူကြောင်း နိုင်ငံတော်သမ္မတက မိမိ၏ ထင်မြင်ယူဆချက်ကို ဖော်ပြလျက် နိုင်ငံတော်ပြန်တမ်းတွင် အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ကြေညာနိုင်သည်။ ယင်းကဲ့သို့ အမိန့် ကြော်ငြာစာ ထုတ်ပြန်သည်နှင့် တစ်ပြိုင်နက် မည်သည့်ရဲအရာရှိမဆို အဆိုပါ သတင်းစာ၊ စာအုပ် သို့မဟုတ် စာတမ်း အမှတ်အသားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း တွေ့ရှိသည့်နေရာတွင် သိမ်းယူနိုင်သည်။ ထို့ပြင် ယင်း သတင်းစာ၊ စာအုပ် သို့မဟုတ် စာတမ်း အမှတ်အသား တစ်စောင်စောင် ရှိနိုင်သော သို့မဟုတ် ရှိနိုင်သည်ဟု သံသယရှိစရာ အကြောင်း လုံလောက်သော မည်သည့် ဥပစာကိုမဆို ဝင်ရောက် ရှာဖွေရန် ဒုတိယ ရဲအုပ်ထက် အဆင့် မနိမ့်သော ရဲအရာရှိ တစ်ဦးဦးအား ရာဇဝတ်တရားသူကြီး တစ်ဦးက ဝရမ်းထုတ်ပေး နိုင်သည်။

(၂) ပုဒ်မခွဲ (၁) မှ “စာတမ်းအမှတ်အသား”တွင် ပန်းချီကား၊ ရေးဆွဲထားသည့်ပုံ သို့မဟုတ် ဓာတ်ပုံ သို့မဟုတ် အခြားထင်ရှားသော ပုံသဏ္ဌာန်လည်းပါဝင်သည်။