မည်သူမဆို မိမိအလိုအလျောက် နာကျင်စေသည်တွင် နာကျင်စေရန် မိမိကြံရွယ်သော သို့မဟုတ် အပြင်းအထန် နာကျင်စေတန်ရာသည်ကို မိမိသိသော နာကျင်စေမှုသည် အပြင်းအထန်နာကျင်စေမှု ဖြစ်လျှင်လည်းကောင်း၊ မိမိကပြုသော နာကျင်စေမှုသည် အပြင်းအထန်နာကျင်စေမှုဖြစ်လျှင် လည်းကောင်း ထိုသူသည် “မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေမှု ”ကို ဖြစ်စေသည်မည်၏။
ရှင်းလင်းချက်။ သူတစ်ဦးသည် အပြင်းအထန်နာကျင်စေမှုကို ပြုသောအခါမှာမှတစ်ပါး၊ ထို့ပြင် အပြင်းအထန် နာကျင်စေရန် ကြံရွယ်သောအခါမှာမှတစ်ပါး၊ သို့မဟုတ် အပြင်းအထန်နာကျင်စေတန်ရာ သည်ကို သိသောအခါမှာမှတစ်ပါး မိမိအလိုအလျောက် အပြင်းအထန် နာကျင်စေသည်မမည်။ သို့ရာတွင် အပြင်းအထန်နာကျင်စေမှု တစ်မျိုးကိုဖြစ်စေရန် ကြံရွယ်သော်လည်း သို့မဟုတ် ထိုသို့ ဖြစ်စေတန်ရာ သည်ကို သိသော်လည်း အခြားသောအပြင်းအထန်နာကျင်စေမှုကို အမှန်တကယ်ဖြစ်စေလျှင် ထိုသူသည် မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေသည်မည်၏။
ဥပမာ
A သည် Z ၏ မျက်နှာကို အမြဲရုပ်ဆင်းပျက်အောင် ကြံရွယ်လျက် သို့မဟုတ် ရုပ်ဆင်းပျက်တန်ရာသည်ကို သိလျက်နှင့် ရိုက်နှက်၏။ ထိုကဲ့သို့ ရိုက်နှက်ခြင်းကြောင့် Z ၏ မျက်နှာသည် အမြဲရုပ်ဆင်းမပျက်။ သို့ရာတွင် Z မှာ ကိုယ်အင်္ဂါအပြင်းအထန် နာကျင်သော ဝေဒနာကို ရက်ပေါင်းနှစ်ဆယ်ခံရ၏။ ဤအမှုတွင် A သည် မိမိအလိုအလျောက် အပြင်းအထန် နာကျင်စေမှု ပြုသည်မည်၏။