တရားသူကြီးသည် အမှု၌ စပ်ဆိုင်သောအကြောင်းခြင်းရာများကိုဖော်ထုတ်ရန် သို့မဟုတ် အမှု၌ စပ်ဆိုင်သောအကြောင်းခြင်းရာများ သက်သေထင်ရှားရန်အလို့ငှာ အကြောင်းခြင်းရာတစ်ခုသည် အမှု၌ စပ်ဆိုင်သည်ဖြစ်စေ၊မစပ်ဆိုင်သည်ဖြစ်စေ ထိုအကြောင်းခြင်းရာနှင့်စပ်လျဉ်း၍ သက်သေတစ်ဦးဦးအား သို့မဟုတ် အမှုသည်များအား မိမိမေးလိုသည့်မေးခွန်းကို မည်သည့်ပုံစံမျိုးနှင့်မဆို အချိန်မရွေးမေးမြန်းနိုင်သည်။ စာတမ်းအမှတ်အသား သို့မဟုတ် အရာဝတ္ထုတစ်ခုခုကိုတင်ပြရန် အမိန့်ချမှတ်နိုင်သည်။ ထိုသို့ဆောင်ရွက်ခြင်းကို အမှုသည်များကဖြစ်စေ၊ယင်းတို့၏ကိုယ်စား ဆောင်ရွက်သူများကဖြစ်စေ ကန့်ကွက်ခွင့်မရှိစေရ။ ထို့ပြင်ထိုသို့ဆောင်ရွက်ရာ၌ မေးသောမေးခွန်းကိုဖြေဆိုသော သက်သေအား တရားရုံး၏ခွင့်ပြုချက်မရဘဲ ပြန်လှန်စစ်မေးခွင့်လည်းမရှိစေရ။
သို့ရာတွင် တရားသူကြီးသည် ဤဥပဒေအရ အမှု၌စပ်ဆိုင်သည်ဟူ၍ပြဋ္ဌာန်းထားသော ထို့ပြင်သက်သေ ထင်ရှားစေရန် နည်းလမ်းတကျသက်သေထင်ရှား တင်ပြပြီးသည်လည်းဖြစ်သော အကြောင်းခြင်းရာအပေါ်တွင် အခြေပြု၍ စီရင်ချက်ချမှတ်ရမည်။
ထို့ပြင်တရားသူကြီးသည် အထက်ပါ လုပ်ပိုင်ခွင့် ကိုကျင့်သုံးရာ၌အောက်ပါစည်းကမ်းချက်များကိုလိုက် နာရမည်။ ဆန့်ကျင်ဘက်အမှုသည်ကမေးသောမေးခွန်းကို သို့မဟုတ် တောင်းဆိုသောစာချုပ်စာတမ်းကို သက်သေတစ်ဦးက ပုဒ်မ ၁၂၁ မှ ၁၃၁ အထိ၊ ထိုပုဒ်မနှစ်ခုလုံးအပါအဝင်ဖြစ်သော ပုဒ်မများအရ မဖြေဆိုလို သို့မဟုတ် မတင်ပြလိုဟုငြင်းဆိုခွင့်ရှိမည်ဖြစ်လျှင် ထိုမေးခွန်းကို ဖြေဆိုစေရန် သို့မဟုတ် ထိုစာရွက်စာတမ်းကိုတင်ပြစေရန် ထိုသက်သေအားအတင်းအကျပ်မပြုရ။ ပုဒ်မ ၁၄၈ သို့မဟုတ် ၁၄၉ အရ အခြားသူတစ်ဦးဦးကမေးမြန်းရန် မသင့်တော်သော မေးခွန်းကို မေးမြန်းခြင်းမပြုရ။ ဤဥပဒေတွင် ယခင်ပါရှိပြီးဖြစ်သည့် ပြဋ္ဌာန်းချက်များအရခြွင်းချက်ပြုထားသော ကိစ္စများမှတစ်ပါးစာရွက်စာတမ်း တစ်ခုခုနှင့်စပ်လျဉ်း၍ မူရင်းအတိုင်းသက်သေခံချက် မတင်ပြဘဲနေရန်ခွင့်မပြုရ။