ပုဒ်မ ၁၁၄-က
ပုဒ်မ ၁၁၄-က
အီလက်ထရောနစ်မှတ်တမ်းများနှင့် စပ်လျဉ်း၍ အမှန်ကဲ့သို့ မှတ်ယူခြင်း

(၁) အမှန်ကဲ့သို့ မှတ်ယူခြင်းအတွက် သံသယဖြစ်ဖွယ်ရှိကြောင်း သက်သေခံချက်ကို ထင်ရှားအောင်ပြသ နိုင်ခြင်း မရှိလျှင် ပစ္စည်းကိရိယာ သို့မဟုတ် လုပ် ဆောင်ပုံသည် အီလက်ထရောနစ်မှတ်တမ်းကို ကောင်းမွန်စွာ အသုံးပြုခဲ့ခြင်း၊ ပုံမှန်အတိုင်းလုပ် ဆောင်ထားခြင်း သို့မဟုတ် တိကျသေချာစွာ ဆက်သွယ်ဆောင်ရွက်ထားခြင်း တစ်ရပ်ရပ်သို့မဟုတ် အမျိုးအစားတစ်မျိုးဖြစ်ပါက အဆိုပါ အီလက်ထရောနစ်မှတ်တမ်း၏ ဆက်သွယ်ချိတ် ဆက်မှု သို့မဟုတ် ထုတ်လုပ်ထားမှုအပေါ် အငြင်း ပွားသည့် အခြေအနေတွင် တရားရုံးအနေဖြင့် တိကျသေချာစွာ ဆက်သွယ်ဆောင်ရွက်ထားသော သို့မဟုတ် လုပ်ဆောင်ထားသော ပစ္စည်းကိရိယာ သို့မဟုတ် လုပ်ဆောင်ပုံအဆင့်အဖြစ် မှတ်ယူ နိုင်သည်။

ဥပမာ

အေ သည် အီလက်ထရောနစ်မှတ်တမ်း သို့တည်း မဟုတ် အီလက်ထရောနစ်ပစ္စည်း သို့မဟုတ် လုပ်ငန်းစဉ်တစ်ခုမှ ထုတ်လုပ်ထားသော စာတမ်း အမှတ်အသားပုံစံကို သက်သေထင်ရှားပြသရန် ကြိုးပမ်းဆောင်ရွက်သည်။ အေ က အငြင်းပွားသည့် အီလက်ထရောနစ်ပစ္စည်း သို့မဟုတ် လုပ်ငန်းစဉ် သည် အဆိုပါ အီလက်ထရောနစ်မှတ်တမ်း သို့မဟုတ် စာတမ်းအမှတ်အသားကို ပုံမှန်အတိုင်း ပြုလုပ်ထားခြင်း သို့မဟုတ် သင့်တင့်လျောက်ပတ် စွာ အသုံးပြုထားခြင်း တစ်ရပ်ရပ် သို့မဟုတ် အမျိုးအစားတစ်ရပ်ဖြစ်ကြောင်း သက်သေထင်ရှား ပြနိုင်သည်။ အဆိုပါ အချက်သည် အငြင်းပွား နေသည့် အီလက်ထရော နစ်မှတ်တမ်း သို့မဟုတ် စာတမ်းအမှတ်အသားကို ထုတ်လုပ်မှုပြုရာတွင် အေ က သက်သေထင်ရှားပြသရန် ကြိုးပမ်း ဆောင်ရွက်သောစာတမ်းအမှတ်အသား သို့မဟုတ် အီလက်ထရောနစ်မှတ်တမ်းကိုထုတ်လုပ်ထား သည့်လုပ်ငန်းစဉ် သို့မဟုတ် အီလက်ထရောနစ်ပစ္စည်းဖြစ်ကြောင်း တရားရုံးက မှတ်ယူနိုင်ရန်အတွက် စပ်ဆိုင်သော အကြောင်းခြင်းရာ တစ်ရပ် ဖြစ်သည်။

(၂) ဆန့်ကျင်သက်သေ ထင်ရှားမပြနိုင်ပါက၊ အကယ် ၍ အီလက်ထရောနစ်မှတ်တမ်းသည် အီလက် ထရောနစ်မှတ်တမ်းကိုတင်ပြလိုသည့် အမှုသည်၏ ထိန်းချုပ်မှုအောက်တွင်ပြုလုပ်ထားခဲ့ခြင်း၊ မှတ်သား ထားခဲ့ခြင်း သို့မဟုတ် သိုမှီးထားခဲ့ခြင်းမဟုတ်သည့် အပြင် ပေါ်ပေါက်သည့်အခင်းဖြစ်ပွားမှုတွင်ပါဝင် ခဲ့ခြင်း မရှိခဲ့သူတစ်ဦးက သာမန်လုပ်ဆောင်မြဲလုပ် ငန်းတွင် လုပ်ကိုင်သည့်အတိုင်းပြုလုပ်ထားခဲ့ခြင်း၊မှတ်သားထားခဲ့ခြင်း သို့မဟုတ် သိုမှီးထားခဲ့ခြင်းဖြစ်ကြောင်း အခိုင်အမာသက်သေထူနိုင်လျှင်၊ ပြုလုပ် ထားသော၊ မှတ်သားထားသော သို့မဟုတ် သိုမှီး ထားသော မည်သည့် အီလက်ထရောနစ်မှတ်တမ်း ကိုမဆို အမှန်ဖြစ်ကြောင်းထင်ရှားပြီးဖြစ်သည်ဟု တရားရုံးက မှတ်ယူရမည်။

ဥပမာ

အေ သည် အီလက်ထရောနစ်ပုံစံဖြင့် ဘီ ကို ဆန့်ကျင်၍ သက်သေပြရန် ကြိုးပမ်းသည်။ အီလက် ထရောနစ်မှတ်တမ်းသည်အမှုတွင်ပါဝင်ခြင်း မရှိသည့် ကြားလူဖြစ်သောစီ က သာမန်လုပ်ဆောင် ပုံလုပ်ငန်းစဉ်အတိုင်း ပြုလုပ်ထားခဲ့သည်၊ မှတ်သား ထားခဲ့သည် သို့မဟုတ် သိုမှီးထားခဲ့သည်ဟူသော အချက်သည် အဆိုပါ အီလက်ထရောနစ်မှတ်တမ်းစစ်မှန်ကြောင်း တရားရုံးက မှတ်ယူနိုင်ရန်အတွက်စပ်ဆိုင်သော အကြောင်းခြင်းရာ ဖြစ်သည်။

(၃)ဆန့်ကျင်သက်သေထင်ရှားမပြနိုင်ပါက အကယ်၍ အီလက်ထရောနစ်မှတ်တမ်းကိုပြုလုပ်ထားခဲ့ခြင်း၊ မှတ်သားထားခဲ့ခြင်း သို့မဟုတ် သိုမှီးထားခဲ့ခြင်းပြုသူသည် အီလက်ထရောနစ်မှတ်တမ်းကို သက်သေထင်ရှားပြလိုသူ အမှုသည်၏ အကျိုး စီးပွားနှင့် ဆန့်ကျင်နေသူကပြုလုပ်ဆောင်ရွက်ခဲ့ ခြင်းဖြစ်လျှင် အီလက်ထရောနစ်မှတ်တမ်းကို ပြုလုပ် ခြင်း၊ မှတ်သားခြင်း သို့မဟုတ် သိုမှီးခြင်းနှင့် ဆက်စပ်ပြီး ပေါ်ပေါက်လာသောစစ်မှန်ခြင်းဆိုင်ရာ အငြင်းပွားမှုနှင့် စပ်လျဉ်းသည့်ကိစ္စရပ်တွင် တရားရုံး အနေဖြင့် အီလက်ထရောနစ်မှတ်တမ်းကို အစစ် အမှန်ဖြစ်ကြောင်းမှတ်ယူရမည်။

ဥပမာ

အေ သည် အီလက်ထရောနစ်မှတ်တမ်းပုံစံဖြင့် ဘီ ကို ဆန့်ကျင်၍ သက်သေပြရန် ကြိုးပမ်းသည်။ အီလက်ထရောနစ်မှတ်တမ်းသည် သက်သေခံချက်၏ စပ်ဆိုင်ခြင်းကိုဆန့်ကျင်ဘက်ပြုသော ဘီ က ပြုလုပ်ထားခဲ့သည်၊ မှတ်သားထားခဲ့သည် သို့မဟုတ် သိုမှီးထားခဲ့သည်ဟူသောအချက်သည် အဆိုပါ အီလက်ထရောနစ်မှတ်တမ်းစစ်မှန်ကြောင်း တရားရုံးက မှတ်ယူနိုင်ရန်အတွက်စပ်ဆိုင်သည့် အကြောင်းခြင်းရာဖြစ်သည်။

(၄) ပုဒ်မခွဲ (၂)၏ ရည်ရွယ်ချက် အလို့ငှာ၊ ရာဇဝတ်မှု များတွင် ပါဝင်သည့် အမှုသည်တစ်ဦးဦးဆိုရာတွင် အောက်ပါလူပုဂ္ဂိုလ်တို့ ပါဝင်သည် -

(က) ရဲအရာရှိ သို့မဟုတ် တရားခံပြစ်မှုကျူးလွန် ကြောင်း စွပ်စွဲခံရသည့်အမှုကိုစုံစမ်းစစ်ဆေး ရာတွင် ပါဝင်ခဲ့သည့်တရားဥပဒေစိုးမိုးရေး အကောင်အထည်ဖော်ဆောင်ရွက်ရသည့် အဖွဲ့အစည်းတစ်ခုခုမှ အခြားအရာရှိသို့တည်းမဟုတ်

(ခ) စစ်ဆေးစီရင်မှုတစ်ရပ်တည်းတွင် ပြစ်မှု တစ်ရပ်ရပ်ဖြင့်စွဲဆိုခံရခြင်း မဟုတ်သည့် တိုင် စွပ်စွဲခံရသူ၏ ကြံရာပါပုဂ္ဂိုလ်တစ်ဦးဦး။

(၅) ဤပုဒ်မတွင် ဖော်ပြပါရှိသည့် ကိစ္စရပ်များကို တင်သွင်းသူ၏ အကောင်းဆုံးသော အသိဉာဏ် ပညာနှင့် ယုံကြည်မှုတို့အရ ပြုလုပ်ပေးသည့် ကျမ်းကျိန်လွှာဖြင့် သက်သေခံချက် တင်ပြနိုင်သည်။