(၁) မည်သည့် တရားရုံးမဆို (သက်သေခံချက်ယူပြီးမှ ဖြစ်စေ၊ မယူမီဖြစ်စေ) မိမိဝရမ်း ထုတ်ထားသူ တစ်ဦးသည် တိမ်းရှောင်သွားကြောင်း သို့မဟုတ် အဆိုပါ ဝရမ်း အတည်မပြုနိုင်စေရန် ပုန်းကွယ်နေကြောင်း ယုံကြည်ရန် အကြောင်းရှိလျှင် မိမိ ကြေညာသည့်နေ့မှ ရက်ပေါင်းသုံးဆယ် ထက်မနည်း သီးခြားဖော်ပြထားသောအချိန်နှင့် သီးခြား ဖော်ပြထားသော နေရာတွင် ရောက်ရှိရမည်ဖြစ်ကြောင်း စာဖြင့်ရေးသားသည့် ကြေညာချက်ကို ထုတ်ပြန်နိုင်သည်။
(၂) ထုတ်ပြန် ကြေညာချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ရမည် -
(က) အဆိုပါလူ နေထိုင်မြဲဖြစ်သည့် မြို့ သို့မဟုတ် ကျေးရွာ၏ထင်ရှားသော နေရာတစ်ခု တွင် ယင်းထုတ်ပြန်ကြေညာချက်ကို အများကြားသိအောင် ဖတ်ကြားရမည်။
( ခ) အဆိုပါလူ နေထိုင်မြဲဖြစ်သည့် အိမ် သို့မဟုတ် အဆောက်အအုံ၏ ထင်ရှားသော နေရာ တွင်ဖြစ်စေ၊ အဆိုပါမြို့ သို့မဟုတ် ကျေးရွာ၏ ထင်ရှားသော နေရာတွင် ဖြစ်စေ ယင်းထုတ်ပြန် ကြေညာချက်ကို ကပ်ထားရမည်။
(ဂ) ယင်းထုတ်ပြန် ကြေညာချက်၏ မိတ္တူတစ်စောင်ကို တရားရုံး အဆောက်အအုံ၏ ထင်ရှားသော နေရာတစ်ခုတွင် ကပ်ထားရမည်။
(၃) မည်သည့်နေ့ရက်၌ ကြေညာချက်ကို နည်းလမ်းတကျ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်ဟု ကြေညာချက် ထုတ်သည့်တရားရုံး၏ စာဖြင့်ရေးသားဖော်ပြချက်သည် ဤပုဒ်မ၏ လိုအပ်ချက်များကို လိုက်နာ ဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် ကြေညာချက်ကို အဆိုပါ နေ့ရက်တွင် ထုတ်ပြန်ပြီး ဖြစ်ကြောင်း အပြီးသတ် သက်သေခံအထောက်အထား ဖြစ်စေရမည်။