မည်သူမဆို ပြည်သူ့ဝန်ထမ်းတစ်ဦးက ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် ဥပဒေနှင့်အညီ ထုတ်ဆင့် ပိုင်သည့်အတိုင်း ချိန်းဆိုသောအချိန်နှင့်နေရာသို့ သူတစ်ဦးဦးအား ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်ကိုသော်လည်းကောင်း လာရောက်စေရန် သမ္မန်စာဖြစ်စေ၊ နို့တစ်စာဖြစ်စေ၊ အမိန့်စာဖြစ်စေ၊ ထုတ်ပြန်ကြေညာချက်ဖြစ်စေ ထုတ်ဆင့်သည်ကို ဥပဒေအရလိုက်နာရန် ဖြစ်ပါလျက် ချိန်းဆိုသော အချိန်နှင့် နေရာသို့ မလာရောက်ဘဲ တမင်ပျက်ကွက်လျှင် သို့မဟုတ် လာရောက်ရန် တာဝန်ရှိသည့်နေရာမှ ဥပဒေအရ ထွက်ခွာခွင့်ရသော အချိန်မတိုင်မီ ထွက်ခွာလျှင် ထိုသူကို တစ်လထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
သို့မဟုတ် သမ္မန်စာတွင်ဖြစ်စေ၊ နို့တစ်စာတွင်ဖြစ်စေ၊ အမိန့်စာတွင်ဖြစ်စေ၊ ထုတ်ပြန်ကြေညာ ချက်တွင်ဖြစ်စေ တရားရုံးသို့ ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်ကိုသော်လည်းကောင်း လာရောက်စေရန်ပါရှိလျှင် ထိုသူကို ခြောက်လထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။