ပုဒ်မ ၁၇
ပုဒ်မ ၁၇
တရားသူကြီးများနှင့် ခုံရုံးများသည် ခရိုင် ရာဇဝတ်တရားသူကြီးနှင့် နယ်ပိုင် ရာဇဝတ်တရားသူကြီးများ၏လက်အောက်ခံဖြစ်ခြင်း

(၁) ပုဒ်မ ၁၂၊ ၁၃ နှင့် ၁၄ တို့အရ ခန့်ထားသည့် တရားသူကြီးများနှင့် ပုဒ်မ ၁၅ အရ ဖွဲ့စည်းသည့် ခုံရုံးများမှာ ခရိုင်ရာဇဝတ်တရားသူကြီး၏ လက်အောက်ခံဖြစ်သည်။ ယင်း ခရိုင်ရာဇဝတ်တရားသူကြီးမှာလည်း အဆိုပါ တရားသူကြီးများနှင့် ခုံရုံးများကို တာဝန်ခွဲဝေ ချထားရန် အကြောင်းနှင့် စပ်လျဉ်း၍ ဤဥပဒေနှင့်အညီ နည်းဥပဒေများကို အခါ အားလျော်စွာ ပြဋ္ဌာန်းခြင်း သို့မဟုတ် အထူးအမိန့် ထုတ်ဆင့်ခြင်း ပြုနိုင်သည်။

(၂) နယ်ပိုင် ရာဇဝတ်တရားသူကြီးမှတစ်ပါး ခရိုင်ခွဲအတွင်း အာဏာအရ သုံးစွဲသည့် အခြား တရားသူကြီးများနှင့် ခုံရုံးများမှာ နယ်ပိုင်ရာဇဝတ်တရားသူကြီး၏ လက်အောက်လည်း ဖြစ်စေရမည်။ သို့သော် ခရိုင်ရာဇဝတ် တရားသူကြီး၏ အရပ်ရပ်အုပ်ချုပ်မှုကိုလည်း လိုက်နာ ရမည်။

လက်ထောက် စက်ရှင်တရားသူကြီးများသည် စက်ရှင်တရားသူကြီး၏ လက်အောက်ခံဖြစ်ခြင်း

(၃) လက်ထောက်စက်ရှင် တရားသူကြီးများသည် ၎င်းတို့ စီရင်ပိုင်ခွင့် အာဏာသုံးစွဲသည့် ရုံးထိုင်ရာရုံး၏ စက်ရှင်တရားသူကြီး၏ လက်အောက်ခံဖြစ်သည်။ ယင်းစက်ရှင် တရားသူကြီးမှာလည်း လက်ထောက်စက်ရှင် တရားသူကြီးများကို တာဝန်ခွဲဝေမှုနှင့် စပ်လျဉ်း၍ ဤဥပဒေနှင့်အညီ အခါအားလျော်စွာ နည်းဥပဒေများကို ပြုလုပ်နိုင်သည်။

(၄) စက်ရှင်တရားသူကြီးမှာ မလွှဲမရှောင်သာ၍ ကိုယ်တိုင်ရုံးမတက်နိုင်လျှင်ဖြစ်စေ၊ အမှု ဝတ္တရားမဆောင်ရွက်နိုင်လျှင်ဖြစ်စေ အဆောတလျင်ဖြစ်သည့် လျှောက်လွှာများကို တွဲဖက် စက်ရှင်တရားသူကြီးက သို့မဟုတ် လက်ထောက် စက်ရှင်တရားသူကြီး ကသော် လည်းကောင်း၊ တွဲဖက်စက်ရှင်တရားသူကြီးနှင့် လက်ထောက်စက်ရှင်တရားသူကြီး မရှိလျှင် ခရိုင်ရာဇဝတ် တရားသူကြီး ကသော်လည်းကောင်း စစ်ဆေးစီရင်နိုင်ရန် စက်ရှင်တရားသူကြီးက စီမံပြဋ္ဌာန်းခွင့် ရှိသည်။ ထိုတရားသူကြီးနှင့် ရာဇဝတ်တရားသူကြီး တို့မှာလည်း ၎င်းလျှောက်လွှာမျိုးများကို စစ်ဆေး စီရင်ပိုင်ခွင့် အာဏာ ရရှိစေရမည်။

(၅) နောင်တွင် အတိအလင်း ပြဋ္ဌာန်းထားချက်ရှိသည်မှတစ်ပါး မည်သည့် ခရိုင် ရာဇဝတ် တရားသူကြီး သို့မဟုတ် တရားသူကြီး သို့မဟုတ် ဤဥပဒေပုဒ်မ ၁၂ ပုဒ်မ ၁၃၊ ပုဒ်မ ၁၄ နှင့် ပုဒ်မ ၁၅ တို့အရ ခန့်ထားသည့် ခုံရုံးများသည် စက်ရှင် တရားသူကြီး၏ လက်အောက်ခံ မဖြစ်စေရ။