သူတစ်ဦးသည် ပြစ်မှုကျူးလွန်ခြင်းကို အားပေးကူညီလျှင် သို့မဟုတ် ဥပဒေအရ ပြစ်မှု ကျူးလွန်ရာရောက်နိုင်သူက အားပေးကူညီသူ၌ရှိသော ကြံရွယ်ချက်မျိုးဖြင့် သော်လည်းကောင်း၊ အသိဉာဏ်မျိုးဖြင့်သော်လည်းကောင်း ပြုသည်ဖြစ်ပါက ပြစ်မှုမြောက်မည့် ပြုလုပ်မှုကျူးလွန်ခြင်းကို အားပေးကူညီလျှင် ထိုသူသည် ပြစ်မှုကို အားပေးကူညီသည်မည်၏။
ရှင်းလင်းချက် ၁။ပြုလုပ်မှုတစ်ခုကိုပြုလုပ်ရန် ဥပဒေနှင့်မညီ ပျက်ကွက်ခြင်းကို အားပေးကူညီလျှင် အားပေးကူညီသူသည် မိမိကိုယ်တိုင် ထိုပြုလုပ်မှုကိုပြုရန် တာဝန်မရှိသော်လည်း ပြစ်မှုကျူးလွန်ရာ ရောက်နိုင်သည်။
ရှင်းလင်းချက် ၂။အားပေးကူညီခြင်းခံရသည့် ပြုလုပ်မှုကိုကျူးလွန်မှသာ ပြစ်မှုမြောက်သည် မဟုတ်၊ ထိုပြုလုပ်မှုကို မကျူးလွန်စေကာမူ အားပေးကူညီလျှင် အားပေးကူညီမှု မြောက်သည် သို့မဟုတ် ပြစ်မှုမြောက်ရန် လိုအပ်သည့် အကျိုးသက်ရောက်စေ မှသာ ပြစ်မှုမြောက်သည်မဟုတ်၊ ထိုသို့ အကျိုးမသက်ရောက်စေကာမူ အားပေး ကူညီလျှင် အားပေးကူညီမှု မြောက်သည်။
(က) C ကိုသတ်ရန် A က B ကိုလှုံ့ဆော်၏။ B က မသတ်လိုဟု ငြင်း၏။ ထိုအမှုတွင် A သည် လူသတ်မှုကျူးလွန်ရန် B ကို လှုံ့ဆော်သည်ဖြစ်သောကြောင့် အားပေးကူညီမှုကို ကျူးလွန်သည်။
(ခ) D ကို သတ်ရန် A က B ကိုလှုံ့ဆော်သောကြောင့် B က D ကို ဓားနှင့်ထိုး၏။ D သည် ထိခိုက်သည့်ဒဏ်ရာနှင့် မသေဘဲ အသက်ချမ်းသာရာရသော်လည်း A သည် လူသတ်မှုကျူးလွန်စေရန် B ကို လှုံ့ဆော်သည်ဖြစ်သောကြောင့် အားပေးကူညီမှုကို ကျူးလွန်သည်။
ရှင်းလင်းချက် ၃။ အားပေးကူညီခြင်းခံရသူသည် ဥပဒေအရ ပြစ်မှုကျူးလွန်ရာ ရောက်နိုင်သူဖြစ်ရန်မလို သို့မဟုတ် အားပေးကူညီသူ၏ အပြစ်မကင်းသော ကြံရွယ်ချက်မျိုးသော်လည်းကောင်း၊ အသိဉာဏ်မျိုး သော်လည်းကောင်း၊ တစ်ခုခုသောအပြစ်မကင်းသည့် ကြံရွယ်ချက်သော်လည်းကောင်း၊ အသိဉာဏ် သော်လည်းကောင်း ထိုအားပေးကူညီခြင်းခံရသူ၌ ရှိရန်မလို။
ဥပမာများ
(က) ကလေးတစ်ဦးကိုသော်လည်းကောင်း၊ သူရူးတစ်ဦးကိုသော်လည်းကောင်း A သည် အပြစ်မကင်းသော ကြံရွယ်ချက်နှင့် ပြစ်မှုတစ်ခုကို ကျူးလွန်စေရန် အားပေးကူညီ၏။ ထိုပြစ်မှုမျိုးကို ဥပဒေအရ ပြစ်မှုကျူးလွန်ရာရောက်နိုင်သူက A ၏ ကြံရွယ်ချက်မျိုးနှင့်ပြုလျှင် ပြစ်မှုမြောက်နိုင်ခဲ့သော် အားပေးကူညီခြင်းခံရသူ ကလေးက သို့မဟုတ် သူရူးက ထိုပြုလုပ်မှုကို ကျူးလွန်သည်ဖြစ်စေ၊ မကျူးလွန်သည်ဖြစ်စေ A သည် အားပေးကူညီမှုကို ကျူးလွန်သည်။
(ခ) A က Z ကို သတ်ရန် ကြံရွယ်ချက်နှင့် အသက်ခုနစ်နှစ်အောက် ကလေးတစ်ဦးအား Z ကို သေစေသောပြုလုပ်မှုတစ်ခုကို ပြုစေရန် လှုံ့ဆော်၏။ ထိုသို့ လှုံ့ဆော်သည့်အတိုင်း ကလေးက A မရှိခိုက်တွင် ထိုပြုလုပ်မှုကိုပြု၍ Z ကို သေစေ၏။ ဤအမှုတွင် ကလေးသည် ဥပဒေအရပြစ်မှုကျူးလွန်ရာ ရောက်နိုင်သူ မဟုတ်သော်လည်း ဥပဒေအရ ပြစ်မှုကို ကျူးလွန်ရာရောက်နိုင်၍ လူသတ်မှုကို ကျူးလွန်သကဲ့သို့ A သည် သေဒဏ်ထိုက်သင့်သည်။
(ဂ) လူနေအိမ်တစ်ဆောင်ကိုမီးရှို့ရန် A က B ကိုလှုံ့ဆော်၏။ B သည် စိတ်ပေါ့သွပ်ခြင်းကြောင့် ပြုလုပ်မှု၏ သဘောကိုသော်လည်းကောင်း၊ မတော်မမှန်သည့်အရာကို သို့မဟုတ် ဥပဒေနှင့် ဆန့်ကျင်သည့်အရာကို ပြုလျက်ရှိနေသည်ကိုသော်လည်းကောင်း မသိနိုင်သည်နှင့် A လှုံ့ဆော်သည့် အတိုင်း အိမ်ကိုမီးရှို့၏။ ဤအမှုတွင် B မှာ ပြစ်မှုကျူးလွန်ရာ မရောက်သော်လည်း A မှာမူကား လူနေအိမ်ကို မီးရှို့သည့်ပြစ်မှုကို အားပေးကူညီသည့်အတွက် အားပေးကူညီမှု ကျူးလွန်သည်ဖြစ်၍ ထိုပြစ်မှုအတွက် ပြဋ္ဌာန်းသည့် ပြစ်ဒဏ်ထိုက်သင့်သည်။
(ဃ) ခိုးမှုကျူးလွန်ရန်ကြံရွယ်၍ A က Z ပိုင်ပစ္စည်းကို မိမိပိုင်ပစ္စည်းဖြစ်ကြောင်း B ယုံကြည်အောင် သွေးဆောင်လျက် ထိုပစ္စည်းကို Z ၏ လက်ရှိမှ ယူစေရန် B ကိုလှုံ့ဆော်၏။ B သည် ထိုပစ္စည်းကို A ပိုင် ပစ္စည်းဟု ယုံကြည်သဖြင့် သဘောရိုးနှင့် Z ၏ လက်ရှိမှ ယူ၏။ B သည် အခြင်းအရာအမှန်ကိုမသိသဖြင့် ပြုမိရာ မရိုးမဖြောင့်သောသဘောနှင့် ယူသည်မဟုတ်ခြင်းကြောင့် ခိုးမှုကျူးလွန်ရာ မရောက်၊ သို့ရာတွင် A မှာကား ခိုးမှုကိုအားပေးကူညီသည့် ပြစ်မှုကျူးလွန်ရာ ရောက်သဖြင့် ခိုးမှုကို B ကျူးလွန်သကဲ့သို့ A သည် ပြစ်ဒဏ်ထိုက်သင့်သည်။
ရှင်းလင်းချက် ၄။ ပြစ်မှုတစ်ခုခုကို အားပေးကူညီခြင်းသည် ပြစ်မှုဖြစ်သည့်အတိုင်း ထိုအားပေးကူညီမှုကို အားပေးကူညီခြင်းသည်လည်း ပြစ်မှုဖြစ်သည်။
ဥပမာ
Z ကိုသတ်ရန် C အားလှုံ့ဆော်ပါဟု A က B ကို လှုံ့ဆော်၏။ ထိုသို့ လှုံ့ဆော်သည့်အတိုင်း Z ကိုသတ်ရန် B က C ကို လှုံ့ဆော်သဖြင့် C က Z ကို သတ်၏။ B သည် မိမိ၏ ပြစ်မှုအတွက် လူသတ်မှု ပြစ်ဒဏ် ထိုက်သင့်သည့်နည်းတူ A သည်လည်း ထိုက်သင့်သည်။
ရှင်းလင်းချက် ၅။ ပူးပေါင်းကြံစည်ခြင်းဖြင့် အားပေးကူညီသော ပြစ်မှုကိုကျူးလွန်ရာတွင် အားပေး ကူညီသူသည် ပြစ်မှုကျူးလွန်သူနှင့် ညှိနှိုင်းခြင်းရှိရန်မလို။ ပူးပေါင်းကြံစည်သည့်အတိုင်း ပြစ်မှုကျူးလွန် ခြင်းရှိခဲ့သော် ထိုသို့ပူးပေါင်း ကြံစည်ရာ၌ ပါဝင်ရုံမျှနှင့်လုံလောက်သည်။
ဥပမာ
Z ကို အဆိပ်ဖြင့်သတ်ရန် A နှင့် B တို့ ညှိနှိုင်းကြ၏။ A က အဆိပ်ခတ်ရန်ဖြစ်သည်ဟု နှစ်ဦးသဘောတူ ကြ၏။ ထို့နောက် B က ထိုအကြံကို C အား ပြန်ပြောရာတွင် A ၏ အမည်ကို မထုတ်ဖော်ဘဲ သူတစ်ဦးက အဆိပ်ခတ်ရန်ဖြစ်သည်ဟုပြောသည်။ C က အဆိပ်ကိုရှာပေးရန် သဘောတူ၏။ အဆိပ်ကိုရရှိ၍ အထက်ကပြောဆိုခဲ့ကြသည့်အတိုင်း အသုံးပြုစေရန် C က B သို့ အဆိပ်ကို ပေးအပ်၏။ A က အဆိပ်ခတ်၍ Z သေဆုံး၏။ A နှင့် C တို့မှာ Z ကိုသတ်ရန် အချင်းချင်းညှိနှိုင်းခြင်း မရှိခဲ့သော်လည်း C သည် ပူးပေါင်းကြံစည်ရာတွင် ပါသည် ဖြစ်သောကြောင့် ဤပုဒ်မတွင် ဖော်ပြထားသော ပြစ်မှုကိုကျူးလွန်ရာ ရောက်၍ လူသတ်မှုအတွက် ပြစ်ဒဏ်ထိုက်သင့်သည်။