ပြစ်မှတစ်စုံတစ်ရာကို စုံစမ်းစစ်ဆေးရန်၊ သို့မဟုတ် စစ်ဆေးစီရင်ရန်ကိစ္စများ အလို့ငှာ မည်သည့်ရာဇဝတ်တရားရုံးမဆို ရုံးထိုင်သည့်နေရာကို နေရာဆန့်သလောက် လူအများ သွားလာ ဝင်ထွက်နိုင်သော လူသိရှင်ကြားတရားခွင်ဖြစ်ကြောင်း မှတ်ယူရမည်။
သို့ရာတွင် အကြီးအကဲတရားသူကြီး၊ သို့မဟုတ် ရာဇဝတ်တရားသူကြီးက မိမိ သင့်သည်ထင်မြင်လျှင် ထူးခြားသည့် အမှုတစ်စုံတစ်ရာကို စုံစမ်းစစ်ဆေးခြင်း၊ သို့မဟုတ် စစ်ဆေးစီရင်ခြင်းပြုနေဆဲ မည်သည့်အဆင့်၌မဆို တရားရုံးကအသုံးပြုနေသော အခန်း၊ သို့မဟုတ် အဆောက်အအုံအတွင်းသို့ ဝင်ထွက်သွားလာခြင်း၊ သို့မဟုတ် ရှိနေခြင်းမပြုလုပ်ရဟု အမိန့်ချမှတ် နိုင်သည်။