ပုဒ်မ ၈
ပုဒ်မ ၈
စေ့ဆော်ချက်၊ ပြင်ဆင်မှု၊ အမှုမတိုင်မီ အပြုအမှု သို့မဟုတ် အမှုဖြစ်ပွားပြီးနောက်အပြုအမူ

အငြင်းဖြစ်သည့်အကြောင်းခြင်းရာ သို့မဟုတ် စပ်ဆိုင်သော အကြောင်းခြင်းရာတစ်ခုခုအတွက်စေ့ ဆော်ချက်တစ်ခု သို့မဟုတ် ပြင်ဆင်မှုတစ်ခုကို ဖော်ပြသောအကြောင်းခြင်းရာသည်စပ်ဆိုင်သည်။

တရားမမှု သို့မဟုတ် မှုခင်းတစ်ခုခုနှင့်စပ်လျဉ်း၍ဖြစ်စေ၊ ထိုအမှုတွင်ပါရှိသော အငြင်းဖြစ်သည့် အကြောင်းခြင်းရာ သို့မဟုတ် စပ်ဆိုင်သော အကြောင်းခြင်းရာနှင့် စပ်လျဉ်း၍ဖြစ်စေ၊ အမှုသည်တစ်ဦး၏ သို့မဟုတ် အမှုသည်၏ကိုယ်စားဆောင်ရွက်သူတစ်ဦး၏အပြုအမူသည်လည်းကောင်း၊ ပြစ်မှုတစ်ခုခု ဖြင့်အမှုစွဲဆိုခြင်းခံရသူ၏ အပြုအမူသည်လည်းကောင်း၊ အငြင်းဖြစ်သည့်အကြောင်းခြင်းရာ သို့မဟုတ် စပ်ဆိုင်သော အကြောင်းခြင်းရာကြောင့်ဖြစ်ရသည့် အပြုအမှု သို့မဟုတ် ထိုအကြောင်းခြင်းရာကို ဖြစ်စေသည့် အပြုအမူဖြစ်လျှင် ထိုအပြုအမူသည် အမှုမတိုင်မီက ပြုလုပ်ခဲ့သည်ဖြစ်စေ၊ အမှုဖြစ်ပွားပြီးသည့်နောက်မှ ပြုလုပ်သည်ဖြစ်စေ အမှု၌စပ်ဆိုင်သော အကြောင်းခြင်းရာဖြစ်သည်။

ရှင်းလင်းချက် ၁။ ထွက်ဆိုချက်များသည် ပြုလုပ်မှုများနှင့်တွဲဖက်ခြင်းလည်းမရှိ၊ ပြုလုပ်မှုများ၏ အဓိပ္ပာယ်ကို ရှင်းလင်းစေသည်လည်းမဟုတ်လျှင် ထိုထွက်ဆိုချက်များသည် ဤပုဒ်မရှိ “အပြုအမူ” ဆိုသည့်စကားတွင် အကျုံးမဝင်ချေ။ သို့ရာတွင် ဤရှင်းလင်းချက်ကြောင့် ဤဥပဒေပါအခြားပုဒ်မတစ် ခုခုအရဖြစ်သော ထွက်ဆိုချက်များ၏စပ်ဆိုင်ခြင်းကို မထိခိုက်စေရ။

ရှင်းလင်းချက် ၂။ တစ်ဦးတစ်ယောက်သောသူ၏ အပြုအမူသည်စပ်ဆိုင်လျှင် ထိုအပြုအမှုကိုထိခိုက်စေ သော ထိုသူအားပြောဆိုချက်၊ သို့မဟုတ် ထိုသူ၏ ရှေ့မှောက်တွင် ထိုသူကြားလောက်သောပြောဆိုချက် သည် စပ်ဆိုင်သည်။

ဥပမာများ

(က) A သည် B ကိုသတ်မှုဖြင့်စွဲဆိုစစ်ဆေးစီရင်ခြင်းခံရသည်။A က C ကို သတ်ခြင်း၊ A က C ကိုသတ်သည်ကို B သိခြင်း၊ B ကဤကဲ့သို့မိမိသိသည်ကို လူအများသိရှိအောင် ပြုလုပ်မည်ဟု ခြိမ်းခြောက်ပြောဆို၍ A ထံမှ ငွေခြောက် လှန့်တောင်းယူရန်ကြိုးပမ်းခြင်းဟူသည့် အကြောင်းခြင်းရာ များသည်စပ်ဆိုင်သည်။

(ခ) Aက ငွေချေးစာချုပ်အရ B ထံမှ ငွေရလိုကြောင်းနှင့် တရားစွဲဆိုသည်။ B ကထိုစာချုပ်ကို မချုပ်ဆိုရကြောင်းငြင်းဆိုသည်။ စာချုပ်ကို ချုပ်ဆိုသည်ဆိုသော အချိန်က B သည် အကြောင်းကိစ္စ တစ်ခုအတွက် ငွေအသုံးလိုသည်ဟူသော အချက်သည် စပ်ဆိုင်သည်။

(ဂ) A သည် B ကို အဆိပ်ခတ်၍ သတ်မှုဖြင့် စွဲဆိုစစ်ဆေးစီရင်ခြင်းခံရသည်။

B မသေမီက ယင်းအားခတ်သော အဆိပ်နှင့်အလားတူသောအဆိပ်ကို A ကရှာဖွေရယူသည်ဆိုသောအ ချက်သည်စပ်ဆိုင်သည်။

(ဃ) ပြဿနာမှာ စာတမ်းအမှတ်အသားတစ်ခုသည် A ၏ သေတမ်းစာဟုတ်မဟုတ်ဖြစ်သည်။

အဆိုပါ သေတမ်းစာပါနေ့စွဲ မတိုင်မီက A သည် သေတမ်းစာတွင်ပါရှိသည့်အချက်များနှင့် သက်ဆိုင်သောအကြောင်းအရာများကို စုံစမ်းမေးမြန်းခြင်း၊ သေတမ်းစာရေးရန်အတွက် ရှေ့နေများနှင့်တိုင်ပင်ခြင်း၊ အခြားသေတမ်းစာ အကြမ်းများကို ရေးဆွဲစေခဲ့သော်လည်း A က ထိုသေတမ်းစာအကြမ်းများကို သဘောကိုက်ညီမှုမရှိခဲ့ခြင်းဟူသော အချက်များသည် စပ်ဆိုင်သည်။

(င) A သည်ပြစ်မှုတစ်ခုကျူးလွန်ကြောင်းဖြင့် စွဲဆိုခြင်းခံရသည်။

စွပ်စွဲသည့် ပြစ်မှုမတိုင်မီဖြစ်စေ၊ ထိုပြစ်မှုကျူးလွန်ချိန်တွင်ဖြစ်စေ၊ ပြစ်မှုကျူးလွန်သည့်နောက်မှဖြစ်စေ၊ A သည် မိမိအတွက်အကျိုးပြုမည့် လက္ခဏာရှိသော သက်သေခံချက်များကိုစီမံခြင်း၊ သက်သေခံချက်များကိုဖျက်ဆီးခြင်း သို့မဟုတ် ဖုံးကွယ်ခြင်း၊ သက်သေဖြစ်နိုင်သူများကို မလာရောက်စေရန် တားဆီး ခြင်း သို့မဟုတ် တိမ်းရှောင်နေစေခြင်း၊ ထိုပြစ်မှုနှင့် စပ်လျဉ်း၍ မုသားသက်သေခံရန်အလို့ငှာ လူအများကိုသွေးဆောင်ခြင်းဟူသည့် အချက်များသည်စပ်ဆိုင်သည်။

(စ) ပြဿနာမှာ A က B ကို လုယက် မလုယက်ဖြစ်သည်။

B လုယက်ခြင်းခံရပြီးနောက် C က A ၏ရှေ့မှောက်တွင် “B ကိုလုယက်သူအား ရှာရန်ရဲများလာနေသည်” ဟုပြောဆိုခြင်း၊ ထိုသို့ပြောဆိုပြီးသည်နှင့်တစ်ပြိုင်နက် A ထွက်ပြေးခြင်းဟူသော အချက်များသည် စပ်ဆိုင်သည်။

(ဆ) ပြဿနာမှာ A က B သို့ငွေ ကျပ် ၁၀၀၀၀ ကြွေးဆပ်ရန် ရှိ မရှိဖြစ်သည်။

A က မိမိအား ငွေချေးရန် C အားပြောဆိုခြင်း၊ D သည် A ရှေ့၊ A ကြားအောင် “A ကိုမယုံနှင့်၊ သူ့မှာ B သို့ပေးဆပ်ရန်ကြွေး ကျပ် ၁၀၀၀၀ ရှိနေသည်” ဟူ၍ C အားပြောဆိုခြင်း၊ ထိုသို့ပြောဆိုသည်ကို A က မည်သို့မျှစကားတုံ့ပြန်ပြောဆိုခြင်းမပြုဘဲ၊ ထွက်ခွာသွားခြင်းတို့မှာ စပ်ဆိုင်သည်။

(ဇ) ပြဿနာမှာ A သည် ပြစ်မှုတစ်ကို ကျူးလွန် မကျူးလွန်ဖြစ်သည်။

ပြစ်မှုကျူးလွန်သူကို စုံစမ်းနေသည်ဟူသော သတိပေးစာကိုရရှိပြီးနောက် A ထွက်ပြေးတိမ်းရှောင်သွားခြင်းနှင့် အဆိုပါစာတွင်ပါရှိသော အကြောင်းအရာများသည် စပ်ဆိုင်သည်။

(ဈ) A သည် ပြစ်မှုတစ်ခုကျူးလွန်သည်ဟု စွဲဆိုခြင်းခံရသည်။ အဆိုပါ ပြစ်မှုကို ကျူးလွန်ပြီးနောက် A ထွက်ပြေးတိမ်းရှောင်နေခြင်း၊ သို့မဟုတ် ပြစ်မှုကျူးလွန်၍ရရှိသော ပစ္စည်းကိုဖြစ်စေ၊ ထိုပစ္စည်းကို ရောင်းချ ၍ရရှိသော ကြေးငွေကိုဖြစ်စေ၊ A ၏လက်ဝယ်တွင်တွေ့ရှိခြင်း၊ ထိုပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သော သို့မဟုတ် အသုံးပြုရန် လက္ခဏာရှိသောအရာဝတ္ထုများကို ကွယ်ဝှက်ရန် အားထုတ်ခြင်း တို့သည် စပ်ဆိုင်သည်။

(ည) ပြဿနာမှာ A သည် မုဒိမ်းပြုကျင့်ခံရခြင်း ဟုတ်မဟုတ် ဖြစ်သည်။

အဆိုပါမုဒိမ်းမှုကျူးလွန်ပြီးနောက် မကြာမီအတွင်း ထိုပြစ်မှုနှင့်ပတ်သက်၍ A က တိုင်တန်းခြင်း၊ ထိုသို့ တိုင်တန်းရာ၌ မည်သည့်အခြေအနေများအရ၊ မည်သည့် အချက်အလက်များကို တိုင်တန်းခြင်းဟူသော အချက်များမှာ စပ်ဆိုင်သည်။

မိမိမုဒိမ်းပြုကျင့်ခံရကြောင်းတိုင်တန်းခြင်းကားမပြု၊ ထိုသို့ပြုကျင့်ခြင်းခံခဲ့ရသည်ဟူ၍သာ A ကပြော ဆိုခြင်းမှာ ဤပုဒ်မအရ အပြုအမူအဖြစ်ဖြင့် အမှု၌စပ်ဆိုင်သည့်အကြောင်းခြင်းရာမဟုတ်ချေ။ သို့ရာတွင် ပုဒ်မ ၃၂၊ အပိုဒ် (၁) အရသေခါနီးထွက်ဆိုချက်အဖြစ်ဖြင့်သော်လည်းကောင်း၊ ပုဒ်မ ၁၅၇ အရထောက်ခံ သောသက်သေခံချက်အဖြစ်ဖြင့်သော်လည်းကောင်း စပ်ဆိုင်သည်။

(ဋ) ပြဿနာမှာ A သည် လုယက်ခြင်းခံရ မခံရဖြစ်သည်။

အဆိုပါ လုယက်မှုဖြစ်ပွားပြီးနောက် မကြာမီအတွင်း ထိုပြစ်မှုနှင့် စပ်လျဉ်း၍ A ကတိုင်တန်းခြင်း၊ ထို သို့တိုင်တန်းရာတွင် မည်သည့်အခြေအနေများအရ မည်သည့်အချက်အလက်များကို တိုင်တန်းခြင်းဟူ သောအချက်များမှာစပ်ဆိုင်သည်။

မိမိလုယက်ခြင်းခံရကြောင်း တိုင်တန်းခြင်းကားမပြု၊ လုယက်ခြင်းခံရသည်ဟူ၍သာ A က ပြောဆိုခြင်း မှာ ဤပုဒ်မ အရ အပြုအမူအဖြစ်စပ်ဆိုင်သည့် အကြောင်းခြင်းရာမဟုတ်ချေ။ သို့ရာတွင် ပုဒ်မ ၃၂၊ အပိုဒ် (၁) အရ သေခါနီးထွက်ဆိုချက်အဖြစ်ဖြင့်သော်လည်းကောင်း၊ ပုဒ်မ ၁၅၇ အရ ထောက်ခံသော သက်သေခံချက် အဖြစ်ဖြင့်သော်လည်းကောင်း စပ်ဆိုင်နိုင်သည်။