(၁) မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းမှူး သို့မဟုတ် စုံစမ်းထောက်လှမ်းခြင်းပြုသော ရဲအရာရှိ တစ်ဦး က မိမိစုံစမ်း ထောက်လှမ်းပိုင်သည့် ပြစ်မှုတစ်ခုခုကို စုံစမ်းထောက်လှမ်းရန်အတွက် လိုအပ်သည့် ပစ္စည်း တစ်စုံတစ်ရာကို ၎င်းတာဝန်ယူရသော ရဲစခန်းပိုင်နယ်မြေအတွင်း သို့မဟုတ် ၎င်းအား တွဲဖက် တာဝန်ပေးထားသည့် ရဲစခန်းနယ်မြေအတွင်း မည်သည့် နေရာ၌ မဆို တွေ့ရှိနိုင်သည်ဟု ထင်မြင်လျှင် ၎င်းပြင် ထိုပစ္စည်းကို ထုတ်ပေးရန် အတွက် ပုဒ်မ ၉၄ အရ သမ္မန်စာနှင့် ဖြစ်စေ၊ အမိန့်နှင့်ဖြစ်စေ လူတစ်ဦးအား ဆင့်ဆိုထားသည့် တိုင်အောင် ထိုသူက ယင်းသမ္မန်စာ သို့မဟုတ် အမိန့်ပါ ညွှန်ကြားချက်များ အတိုင်း ထုတ်ပေး လိမ့်မည်မဟုတ် သို့မဟုတ် ထုတ်ပေးလိုမည် မဟုတ်ဟု ယုံကြည်ရန် အကြောင်းရှိလျှင် သို့မဟုတ် အဆိုပါပစ္စည်းသည် မည်သူ့ လက်ဝယ်တွင် ရှိသည်ဟု မသိရှိ ရသည့်အခါ အဆိုပါ ရဲအရာရှိသည် ဖော်ပြပါ ရဲစခန်း၏ နယ်မြေအတွင်၊ မည်သည့် နေရာ၌မဆို ယင်းပစ္စည်းကို ကိုယ်တိုင်ရှာဖွေနိုင်သည် သို့မဟုတ် ရှာဖွေ စေနိုင်သည်။
(၂) အဆိုပါ ရဲအရာရှိသည် ဖြစ်နိုင်လျှင် ကိုယ်တိုင် ရှာဖွေရမည်။ သို့ရာတွင် ၎င်းကိုယ်တိုင် မရှာဖွေ နိုင်လျှင် ၎င်း၏ လက်အောက်ရဲအရာရှိတစ်ဦးအား ရှာဖွေစေနိုင်သည်။ ထို့ပြင် ရှာဖွေရမည့် နေရာနှင့် ဖြစ်နိုင်လျှင် ရှာဖွေရမည့်ပစ္စည်းတို့ကိုပါ ဖော်ပြသည့်အမိန့်စာ တစ်စောင်ကိုပါ အဆိုပါ လက်အောက်အရာရှိအား ပေးအပ်ရမည်။ ထိုအခါ အဆိုပါ လက်အောက်အရာရှိသည် ထိုနေရာတွင် အဆိုပါပစ္စည်းကို ရှာဖွေရမည်။
(၃) ရှာဖွေဝရမ်းများနှင့်စပ်လျဉ်းသော ဤကျင့်ထုံးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပုဒ်မ ၁ဝ၂ နှင့် ပုဒ်မ ၁ဝ၃ တို့တွင် ပါရှိသော ရှာဖွေခြင်းဆိုင်ရာ ယေဘုယျပြဋ္ဌာန်းချက်များသည် ဤပုဒ်မအရ ပြုလုပ်သည့် ရှာဖွေခြင်းနှင့် ဖြစ်နိုင်သမျှ သက်ဆိုင်စေရမည်။