တစ်ခုစီ ပြစ်မှုမြောက်သောအစိတ်အပိုင်းများ ပေါင်းစုနေသည့် ပြစ်မှုကိုကျူးလွန်သူအား အတိအလင်းပြဋ္ဌာန်းချက်မရှိပါက ထိုပြစ်မှုမြောက်သော အစိတ်အပိုင်းများအနက် ပြစ်မှုတစ်ခုခုအတွက် ပေးနိုင်သော ပြစ်ဒဏ်ထက်ပို၍မပေးရ။ တည်ဆဲဥပဒေအရ တစ်ဦးတစ်ယောက်သောသူ၏ ပြုလုပ်မှုသည် သီးခြားပြစ်မှု နှစ်မျိုးသော်လည်းကောင်း၊ နှစ်မျိုးထက်ပို၍သော်လည်းကောင်း ပြစ်မှုမြောက်နိုင်လျှင် သို့မဟုတ် ပြစ်ဒဏ်ချမှတ်ခြင်းခံထိုက်လျှင် ထိုသူအား သို့မဟုတ် တစ်ခုစီခွဲလျှင် ပြစ်မှုတစ်ခုမြောက်သည်လည်းဖြစ်၍ သို့မဟုတ် တစ်ခုထက်ပိုမှ ပြစ်မှုတစ်ခုမြောက်သည် လည်းဖြစ်၍ စုပေါင်းလျှင် အခြားပြစ်မှုတစ်ခုလည်းမြောက်သော ပြုလုပ်မှုအမျိုးမျိုးကို ကျူးလွန်သော သူအား၊ စစ်ဆေးသောတရားရုံးက အထက်ပါပြစ်မှုတစ်ခုခုအတွက် ပေးနိုင်သောပြစ်ဒဏ်ထက် ပိုမို ပြင်းထန်သော ပြစ်ဒဏ်ကိုမပေးရ။
ဥပမာ
(က) A က Z ကို တုတ်ဖြင့် အချက်ငါးဆယ်ရိုက်၏။ ရိုက်နှက်သည့် အချက်များကို စုပေါင်း၍ဖြစ်စေ၊ တစ်ချက်ချင်းစီခွဲ၍ဖြစ်စေ Z အား နာကျင်စေရန် မိမိအလိုအလျောက် ပြုလုပ်သော ပြစ်မှုကို A ကျူးလွန်ရာရောက်သည်။ A သည် အချက်တိုင်းအတွက် ပြစ်ဒဏ်ထိုက်သင့်ရမည်ဆိုပါက တစ်ချက်လျှင် တစ်နှစ်ကျစီဖြင့် နှစ်ပေါင်းငါးဆယ် ထောင်အကျဉ်းခံရမည်ဖြစ်သည်။ သို့ရာတွင် A သည် ရိုက်နှက်သော အချက်အားလုံးအတွက် ပြစ်ဒဏ်တစ်ရပ်တည်းအတွက်သာ ချမှတ်ခြင်းခံရမည်။
(ခ) သို့ရာတွင် A သည် Z ကို ရိုက်နှက်နေစဉ် Y က ဝင်ရောက်စွက်ဖက်သဖြင့် Y ကိုလည်း တမင် ရိုက်နှက်ပြန်လျှင် Y ကို ရိုက်နှက်ခြင်းသည် Z ကို အလိုအလျောက် နာကျင်စေသော ပြစ်မှုကျူးလွန်ရာ၌ မပါဝင်။ A သည် Z ကို နာကျင်စေရန် အလိုအလျောက် ပြုလုပ်သည့်အတွက် ပြစ်ဒဏ်တစ်ရပ်၊ ထို့ပြင် Y ကို ရိုက်သည့်အတွက် ပြစ်ဒဏ်တစ်ရပ် ပေါင်းနှစ်ရပ် ချမှတ်ခြင်းခံရမည်။