(က) နိုင်ငံတော်သမ္မတသည် နိုင်ငံ့ဝန်ထမ်းရွေးချယ်ရေး၊ လေ့ကျင့်ရေးတာဝန်နှင့် နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းသတ်မှတ်ရေး တာဝန်များထမ်းဆောင်နိုင်ရန် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဖွဲ့စည်း ရမည်၊
(ခ) နိုင်ငံတော်သမ္မတသည် အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသူများအား ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးရမည်-
(၁) အသက် ၅၀ နှစ်ပြည့်ပြီးသူ၊
(၂) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူ၊
(၃) ပုဒ်မ ၁၂၁ တွင်ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင် မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊
(၄) အတွေ့အကြုံရင့်ကျက်သော အသိပညာရှင်၊ အတတ်ပညာရှင်ဖြစ်သူ၊
(၅) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ၊
(၆) နိုင်ငံရေးပါတီဝင် မဟုတ်သူ၊
(၇) လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူ။
(ဂ) ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ တည်ဆဲဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံ့ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်၊
(ဃ) ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတအားလည်းကောင်း၊ အဖွဲ့ဝင်များသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် ယင်းမှတစ်ဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံ ရမည်၊
(င) ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ သက်တမ်းသည် သာမန်အားဖြင့် နိုင်ငံတော် သမ္မတ၏ ရာထူးသက်တမ်းအတိုင်း ဖြစ်သည်၊
(စ) ပြည်ထောင်စုရာထူးဝန်အဖွဲ့ဖွဲ့စည်းခြင်း၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့၏တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ ရပိုင်ခွင့်များ၊ ရာထူးမှနုတ်ထွက်ခြင်းနှင့် တာဝန်မှရပ်စဲခြင်းတို့ကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။