(၁) တစ်ဦးတစ်ယောက်ကို-
(က) ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း တရားရုံးတစ်ရုံးရုံးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၁၅၊ ပုဒ်မ ၄ဂ၉က၊ ပုဒ်မ ၄၈၉ ခ၊ ပုဒ်မ ၄၈၉ ဂ၊ သို့မဟုတ် ပုဒ်မ ၄၈၉ ဃ အရ ပြစ်ဒဏ်ထိုက်သင့်သော ပြစ်မှု တစ်ရပ်ရပ်နှင့် ဖြစ်စေ၊ ပြစ်မှုဆိုင်ရာဥပဒေ အခန်း ၁၂၊ သို့မဟုတ် ၁၇ အရ သုံးနှစ်၊ သို့မဟုတ် သုံးနှစ်ထက်ပိုသော ပြစ်ဒဏ်ထိုက်သင့်သည့် ပြစ်မှုတစ်ရပ်နှင့်ဖြစ်စေ
(ခ) x x x x x x x
ပြစ်မှုထင်ရှားစီရင်ပြီးနောက် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၊ စက်ရှင်တရားရုံး၊ ခရိုင်ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် ပထမတန်းအာဏာရ ရာဇဝတ်တရားသူကြီးက ထိုပုဒ်မများအရဖြစ်စေ၊ ထိုအခန်း များအရဖြစ်စေ သုံးနှစ်၊ သို့မဟုတ် သုံးနှစ်ထက်ပိုသောပြစ်ဒဏ် ထိုက်သင့်သည့် ပြစ်မှုတစ်ရပ်ရပ်နှင့် ထပ်မံ၍ ပြစ်မှုထင်ရှားစီ ရင်သည့်အခါ အဆိုပါတရားရုံး၊ သို့မဟုတ် ရာဇဝတ်တရားသူကြီးသည် သင့်သည်ထင်မြင်လျှင် ထိုသူအပေါ် ် သက်ဆိုင်ရာ ဥပဒေတွင် ပြဋ္ဌာန်းသတ်မှတ်ထားသည့်အတိုင်း တစ်ကျွန်းပို့ဒဏ်၊ ထောင်ဒဏ် တစ်သက် သို့မဟုတ် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် သို့မဟုတ် ထောင်ဒဏ်နှစ်နှစ်ဆယ်၊ သို့မဟုတ် ထောင်ဒဏ်စီရင်သည့် အချိန်၌ ထိုသူလွှတ်သည့်အခါ မည်သည့် အရပ်တွင်နေထိုင်သည်၊ မည်သည့်အရပ်သို့ ရွှေ့ပြောင်း နေထိုင်သည်၊ ထိုအရပ်မှထွက်ခွာသည်စသည့် အကြောင်းများကို ဆိုခဲ့သည့်ပြစ်ဒဏ် ကုန်ဆုံးသည့်နေ့မှ ငါးနှစ်ထက်မပိုသည့်ကာလအတွင်း အောက်တွင် ပြဋ္ဌာန်းပါရှိသည့်အတိုင်း ပြောကြားရမည်ဟူ၍ အမိန့်ချမှတ်နိုင်သည်။
(၂) ဆိုခဲ့သည့် ပြစ်မှုထင်ရှား စီရင်ခြင်းကို အယူခံတွင် ဖြစ်စေ၊ အခြားနည်းအရဖြစ်စေ ပယ်ဖျက်ခဲ့လျှင်ဆိုခဲ့သည့် အမိန့်မျိုးသည် ပျက်ပြယ်သွားစေရမည်။
(၃) အကျဉ်းထောင်မှာ လွတ်လာသည့် အကျဉ်းသားများသည် မည့်သည့်အရပ်တွင် နေထိုင်ကြောင်း မည့်အရပ်သို့ ပြောင်းရွှေ့နေထိုင်ကြောင်း၊ နေထိုင်သည့်အရပ်မှာ ထွက်ခွားသွားကြောင်းများကို ပြောကြားရန်နှင့် စပ်လျဉ်းသည့် ဤပုဒ်မပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နိုင်ငံတော် သမ္မတက နည်းဥပဒေများ ပြုနိုင်သည်။
(၄) ဤပုဒ်မအရ ချမှတ်သည့် အမိန့်တစ်ရပ်ကို အယူခံတရားရုံးကဖြစ်စေ၊ တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်က မိမိ၏ ပြင်ဆင်အာဏာ များသုံးစွဲသည့်အခါတွင် ဖြစ်စေ ချမှတ်နိုင်သည်။
(၅) ဤပုဒ်မအရ မိန့်ချမှတ်ခြင်း ခံရပြီးနောက် ဆိုခဲ့သည့်အတိုင်း ပြုသည့်နည်းဥပဒေ တစ်ရပ်ရပ်ကို လိုက်နာရန် ငြင်းဆိုသူ သို့မဟုတ် ပျက်ကွက်သူ မည်သူ့ကိုမဆို ရာဇသတ်ကြီး ပုဒ်မ ၁၇၆၏ အဓိပ္ပာယ်အရ ပြစ်မှုတစ်ရပ် ကျူးလွန်သည်ကို ကာကွယ်တားဆီးရန် ကိစ္စအလို့ငှာ လိုအပ်သည့်အတိုင်း အကြောင်းကြားရန် ပျက်ကွက်သူအဖြစ် မှတ်ယူရမည်။
(၆) ဆိုခဲ့သည့် နည်းဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက်မှုနှင့် စွပ်စွဲခံရသူ မည်သူ့ကိုမဆို ထိုသူက မိမိနေထိုင်ရာ အရပ်ဖြစ်ပါသည်ဟု နောက်ဆုံးအကြိမ် ပြောကြားခြံသည့် နေရာအရပ်တွင် စီရင်ခွင့်ရှိသော တရားသူကြီးတစ်ဦးက စစ်ဆေးစီရင်နိုင်သည်။