(၁) ဒီကရီအတည်ပြုရာတွင် တရားရှုံးကို မည်သည့်နေ့ရက်၊ မည်သည့်အချိန်တွင်မဆို ဖမ်းဆီးနိုင်သည်။ ထို့ပြင် တရားရုံးရှေ့သို့ ဆောလျင်နိုင်သမျှ ဆောလျင်စွာ တင်ပို့ရမည်။ ၎င်းကို ချုပ်နှောင်ထားသည့်အခါ ထိုသို့ချုပ်နှောင်ထားရန် အမိန့်ပေးသော တရားရုံးတည်ရှိရာ ခရိုင်ရှိ တရားမ အကျဉ်းထောင်ထွင်ဖြစ်စေ၊ ယင်းအကျဉ်းထောင်၌ သင့်လျော်သည့် နေရာထိုင်ခင်း မရှိလျှင်၊ ယင်းခရိုင်ရှိ တရားရုံးများ၏အမိန့်အရ ချုပ်နှောင်ထားခံရမည့် သူများအတွက် ပြည်ထောင်စုတရားသူကြီးချုပ်က သတ်မှတ်ပေးသော အခြားနေရာတစ်ခုခုတွင်ဖြစ်စေ ချုပ်နှောင်ထားနိုင်သည်။ (၂၀၁၄ခုနှစ်၊ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၉ ဖြင့် နိုင်ငံတော်သမ္မတကို ပြည်ထောင်စုရှေ့နေချုပ် ချုပ် အစားထိုးပြင်ဆင်ထားသည်။)
သို့ရာတွင် ပထမအချက်အနေဖြင့် ဤပုဒ်မအရ ဖမ်းဆီးရန်ကိစ္စအလို့ငှာ မည်သည့်နေအိမ် အတွင်းသို့မဆို နေဝင်နှင့်နေထွက်အကြား ဝင်ရောက်ခြင်းမပြုရ။
ဒုတိယအချက်အနေဖြင့် အိမ်တစ်အိမ်၌ တရားရှုံး နေထိုင်လျက်ရှိပြီး ယင်းနေအိမ် အတွင်းသို့ ဝင်ရောက်ခြင်းကို တရားရှုံးက ငြင်းဆန်ခြင်း၊ သို့မဟုတ် တစ်နည်းနည်းဖြင့် တားဆီးခြင်း မပြုလျှင် နေအိမ်ပြင်ဖက် တံခါးကို ဖျက်ဖွင့်ခြင်း မပြုရ။ သို့သော် ဖမ်းဆီးရန် အခွင့်ရအရာရှိသည် အိမ်တစ်အိမ် အတွင်းသို့ နည်းလမ်းတကျ ဝင်ရောက်ပြီးဖြစ်ပါက တရားရှုံးအား တွေ့ရှိနိုင်မည်ဟု ယုံကြည်ရန် အကြောင်းရှိသော မည်သည့်အခန်း၏ တံခါးကိုမဆို ဖျက်ဖွင့်နိုင်သည်။
တတိယအချက်အနေဖြင့် ထိုအခန်းတွင် တရားရှုံးမဟုတ်သော မိန်းမတစ်ဦး အမှန်တကယ် နေထိုင်လျှက်ရှိပြီး ယင်းမိန်းမမှာ ဒေသဓလေ့ထုံးတမ်းအရ အများပြည်သူ ရှေ့တွင် သွားလာခြင်း မပြုသူ ဖြစ်ပါက ဖမ်းဆီးရန် အခွင့်ရအရာရှိသည် ထိုမိန်းမအား ထွက်သွားနိုင်ခွင့်ရှိကြောင်း ပြောကြားရမည်။ ထိုမိန်းမအား ထွက်သွားနိုင်ရန် သင့်လျော်သော အချိန်နှင့် သင့်လျော်သော အခွင့်အလမ်း ပေးပြီးနောက် ဖမ်းဆီးရန်အတွက် ထိုအခန်းအတွင်းသို့ ဝင်ရောက်နိုင်သည်။
စတုတ္ထအချက်အနေဖြင့် ငွေပေးဆပ်ရန် ဒီကရီကို အတည်ပြုရာတွင် တရားရှုံးအား ဖမ်းဆီး သောအခါ တရားရှုံးသည် ဒီကရီကျငွေနှင့်တကွ ဖမ်းဆီးရာတွင် ကုန်ကျစရိတ်ကို ဖမ်းဆီးသူ အရာရှိအား ပေးပါက ထိုအရာရှိသည့် တရားရှုံးကို ချက်ချင်းလွှတ်ရမည်။
(၂) တစ်ဦးတစ်ယောက်သောသူ သို့မဟုတ် လူတန်းစားတစ်ရပ်ရပ်ကို ဖမ်းဆီးခြင်းဖြင့် ပြည်သူတို့အား ဘေးအန္တရာယ်သော်လည်းကောင်း၊ ကသိကအောက်သော်လည်ကောင်း .. ဖြစ်စေ နိုင်လျှင် ဒီကရီကို အတည်ပြုရာတွင် အဆိုပါ လူ သို့မဟုတ် လူတန်းစားကို ဖမ်းဆီးသည့်အခါ ဤကိစ္စအလို့ငှာ နိုင်ငံတော်သမ္မတက သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းနှင့်အညီ မဟုတ်ဘဲ ဖမ်းဆီးခြင်း မပြုရဟု နိုင်ငံတော်သမ္မတက ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြန်တမ်းတွင် အမိန့်ကြော်ငြာစာ ထုတ်ပြန် ကြေညာနိုင်သည်။
(၃) ငွေပေးဆပ်ရန်ဒီကရီကို အတည်ပြုရာ၌ တရားရှုံးကို ဖမ်းဆီး၍ တရားရုံးရှေ့ တင်ပို့ လာသည့်အခါ တရားရုံးသည် တရားရှုံးအနေဖြင့် မိမိအား လူမွဲအဖြစ် ကြေညာပေးရန် လျှောက်ထား နိုင်ကြောင်း၊ ထို့ပြင် လျှောက်ထားသည့်အကြောင်းအရာနှင့် စပ်လျဉ်း၍ တရားရှုံးအနေဖြင့် မရိုး မဖြောင့်သောသဘောဖြင့် တစ်စုံတစ်ခု ပြုလုပ်ခဲ့ခြင်းမရှိဘဲ တည်ဆဲလူမွဲအဖြစ်ခံယူမှု ဥပဒေပြဌာန်း ချက်များကို လိုက်နာဆောင်ရွက်လျှင် ၎င်းအားကင်းလွတ်ခွင့်ပေးနိုင်ကြောင်း အသိပေး ရမည်။
(၄) တရားရှုံးက မိမိအား လူမွဲအဖြစ်ကြေညာပေးရန် လျှောက်ထားလိုကြောင်း တင်ပြသည့်အပြင် တစ်လအတွင်း ထိုသို့လျှောက်ထားမည်ဖြစ်ကြောင်းနှင့် ယင်းလျှောက်လွှာ အရ ဆောင်ရွက်သော အမှု၌ဖြစ်စေ၊ ဒီကရီအတည်ပြုရာတွင် တရားရှုံး ဖမ်းဆီးခံရလျှင် ယင်းဒီကရီအရ ဆောင်ရွက်သော အမှု၌ဖြစ်စေ ဆင့်ဆိုသည့်အခါ လာရောက်မည် ဖြစ်ကြောင်းဖြင့် ကျေနပ်လောက်အောင် အာမခံ တင်သွင်းလျှင် တရားရုံးသည် ယင်းတရားရှုံးအား ဖမ်းဆီးရာမှလွှတ်နိုင်သည်။ တရားရှုံးသည် ယင်းသို့ လျှောက်ထားရန်နှင့် လာရောက်ရန်ပျက်ကွက်လျှင် တရားရုံးက အာမခံငွေကိုသိမ်းယူရန် ညွှန်ကြားနိုင်သည် သို့မဟုတ် ဒီကရီအတည်ပြုရာတွင် တရားရှုံးအား တရားမ အကျဉ်းထောင်သို့ ပို့စေနိုင်သည်။