(၁) ကျေးရွာသူကြီး၊ ကျေးရွာရဲအရာရှိ၊ လယ်မြေပိုင်ရှင် သို့မဟုတ် နေထိုင်သူ၊ ၎င်းပိုင်ရှင် သို့မဟုတ် နေထိုင်သူ၏ လယ်မြေကို ကြီးကြပ်ကွပ်ကဲရသည့် ကိုယ်စားလှယ်နှင့် အစိုးရ အတွက် အခွန်တော် သို့မဟုတ် ငှားရမ်းခ ကောက်ခံရသည့် အရာရှိတို့သည် အနီးဆုံး ရာဇဝတ်တရားသူကြီးထံ ဖြစ်စေ၊ အနီးဆုံး မြန်မာနိုင်ငံရဲတပ်ဖွဲ့ စခန်းမှူးထံသို့ဖြစ်စေ ၎င်းတို့အနက် ပို၍နီးသူတစ်ဦးထံသို့ အောက်ပါကိစ္စများနှင့်စပ်လျဉ်း၍ ချက်ချင်း သတင်း ပေးရမည် -
(က) ကျေးရွာသူကြီး၊ ကျေးရွာရဲအရာရှိ၊ လယ်မြေပိုင်ရှင် သို့မဟုတ် နေထိုင်သူ သို့မဟုတ် ၎င်းတို့၏ကိုယ်စားလှယ်၊ အစိုးရအတွက်အခွန်တော် သို့မဟုတ် ငှားရမ်းခ ကောက်ခံ ရသည့်အရာရှိအဖြစ် ဆောင်ရွက်ရသော ကျေးရွာတွင် ခိုးရာပါပစ္စည်း လက်ခံသူ သို့မဟုတ် ရောင်းသူဟု မကောင်းသတင်း ကျော်စောသူ တစ်ဦးဦးသည် အမြဲတမ်း ဖြစ်စေ၊ ခေတ္တဖြစ်စေ နေထိုင်လျက်ရှိခြင်း၊
(ခ) မိမိသိသော သို့မဟုတ် မသင်္ကာသော လူသတ်ဓားပြ၊ လုယက်သူ၊ လွတ်ထွက်ပြေး နေသော အကျဉ်းသား သို့မဟုတ် ပြစ်မှုကျူးလွန်ကြောင်း ကြေညာခြင်း ခံရသူ တစ်ဦးဦးသည် ကျေးရွာအတွင်း တစ်နေရာရာ၌ ခိုလှုံနေခြင်း သို့မဟုတ် ဖြတ်သန်း သွားလာခြင်း၊
(ဂ) ထိုကျေးရွာထဲတွင် သော်လည်းကောင်း၊ အနီးအနားတွင် သော်လည်းကောင်း အာမခံ မပေးနိုင်သော ပြစ်မှု သို့မဟုတ် ရာဇသတ်ကြီးပုဒ်မ ၁၄၃၊ ၁၄၄၊ ၁၄၅၊ ၁၄၇ သို့မဟုတ် ၁၄၈ အရ ပြစ်ဒဏ် ထိုက်သင့်သော ပြစ်မှုကိုကျူးလွန်ခြင်း သို့မဟုတ် ကျူးလွန်ရန် ကြံရွယ်ချက်ရှိခြင်း၊
(ဃ) ထိုကျေးရွာထဲတွင်ဖြစ်စေ၊ အနီးအနားတွင်ဖြစ်စေ၊ ရုတ်တရက် သို့မဟုတ် ဓမ္မတာ နှင့်ဆန့်ကျင်သောသေဆုံးခြင်း သို့မဟုတ် မသင်္ကာဖွယ်ရာအကြောင်းဖြင့် သေဆုံး ခြင်း၊ ကျေးရွာထဲ၌သော်လည်းကောင်း၊ အနီးအနား၌သော်လည်းကောင်း မသင်္ကာ ဖွယ်ရာအကြောင်း ဖြစ်ပွားပြီးနောက် သေဆုံးရသည့် အလောင်း သို့မဟုတ် အလောင်း၏ အစိတ်အပိုင်းကို တွေ့ရှိခြင်း သို့မဟုတ် တစ်ဦးတစ်ယောက်သည် အာမခံ မပေးနိုင်သော ပြစ်မှုကျူးလွန်ခြင်းခံရပြီး ထိုကျေးရွာမှ မသင်္ကာဖွယ်ရာ ပျောက်ဆုံးသွားခြင်း၊
(င) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မည်သည့်နေရာ၌မဆို ကျူးလွန် လျှင် ပြစ်မှုမြောက်စေမည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပြင်ပရှိ ထိုကျေးရွာ အနီး၌ ရာဇသတ်ကြီးပုဒ်မ ၂၃၁၊ ၂၃၂၊ ၂၃၃၊ ၂၃၄၊ ၂၃၅၊ ၂၃၆၊ ၂၃၇၊ ၂၃၈၊ ၃ဝ၂၊ ၃ဝ၄၊ ၃၈၂၊ ၃၉၂၊ ၃၉၃၊ ၃၉၄၊ ၃၉၅၊ ၃၉၆၊ ၃၉၇၊ ၃၉၉၊ ၄၀၂၊ ၄၃၅၊ ၄၃၆၊ ၄၄၉၊ ၃၅၀၊ ၄၅၇၊ ၄၅၈၊ ၄၅၉၊ ၄၆ဝ၊ ၄၈၉ က၊ ၄၈၉ ခ၊ ၄၈၉ ဂ နှင့် ၄၈၉ ဃ တို့အရ ပြစ်ဒဏ် စီရင်နိုင်သော ပြုလုပ်မှုကို ကျူးလွန်ခြင်း သို့မဟုတ် ကျူးလွန်ရန် ကြံရွယ်ခြင်း၊
(စ) နိုင်ငံတော်သမ္မတ၏ ကြိုတင်အခွင့်အမိန့်အရ ခရိုင်ရာဇဝတ်တရားသူကြီးက ယေဘုယျ သို့မဟုတ် အထူးအမိန့်ဖြင့်ထုတ်ပြန်သော တရားဥပဒေစိုးမိုးရေး၊ စည်းကမ်းသေဝပ် တည်ငြိမ်ရေးကိုသော် လည်းကောင်း၊ ပြစ်မှုမဖြစ်ပွားအောင် တားဆီးရေးကို သော်လည်းကောင်း၊ လူနှင့် ပစ္စည်းလုံခြုံရေးကို သော်လည်းကောင်း ထိခိုက်စေသော ကိစ္စရပ် ဖြစ်ပွားခြင်းနှင့် စပ်လျဉ်း၍ တိုင်ကြားရန် ညွှန်ကြား ထားသည့် ကိစ္စများ။
(၂) ဤပုဒ်မတွင် -
(၁) “ကျေးရွာ” ဆိုရာတွင် ကျေးရွာမြေလည်း ပါဝင်သည်။ ထို့ပြင်
(၂) “ပြစ်မှုကျူးလွန်ကြောင်း ကြေညာခြင်းခံရသူ” ဆိုသည့် စကားရပ်တွင် တရားရုံး တစ်ရုံး သို့မဟုတ် နိုင်ငံတော်သမ္မတက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိတ်အပိုင်း တစ်ခု၌ တည်ထောင်သော အာဏာပိုင် သို့မဟုတ် ဆက်လက် တည်စေသည့် အာဏာပိုင် က ၄၃၅၊ ၄၃၆၊ ၄၄၉၊ ၄၅၀၊ ၄၅၇၊ ၄၅၈၊ ၄၅၉ နှင့် ၄၆၀ တို့အရ ပြစ်မှု ကျူးလွန်သူ ဖြစ်ကြောင်း ကြေညာခြင်းခံရသူ မည်သူမဆို ပါဝင်သည်။
ဤပုဒ်မအလို့ငှာ ခရိုင်ရာဇဝတ်တရားသူကြီး သို့မဟုတ် နယ်ပိုင်ရာဇဝတ်တရားသူကြီးက တစ်စုံတစ်ခုသောကိစ္စအတွက် ကျေးရွာလူကြီး ခန့်ထားခြင်း
(၃) နိုင်ငံတော်သမ္မတက ဤကိစ္စအလို့ငှာ ထုတ်ပြန်ထားသောနည်းဥပဒေများနှင့် မဆန့်ကျင်စေဘဲ အခြားဥပဒေအရ ထိုကျေးရွာအတွက် ကျေးရွာလူကြီး ခန့်ထားပြီးဖြစ်သော်လည်း သို့မဟုတ် မခန့်ထားရသေးသော်လည်း ခရိုင်ရာဇဝတ်တရားသူကြီး သို့မဟုတ် နယ်ပိုင် ရာဇဝတ်တရားသူကြီး သည် တစ်ဦးတစ်ယောက်ကိုဖြစ်စေ၊ အများကိုဖြစ်စေ ထိုသူတို့၏ သဘောတူညီချက်ဖြင့် ဤဥပဒေပါ တာဝန်ဝတ္တရားများကို ဆောင်ရွက်ရန် အခါ အားလျော်စွာ ခန့်ထားနိုင်သည်။