နိဒါန်း - မြန်မာနိုင်ငံတော်သည် သမိုင်းအစဉ်အလာကြီးမားသော နိုင်ငံတော်ဖြစ်ပေသည်။ ကျွန်ုပ်တို့ တိုင်းရင်း သားပြည်သူအပေါင်းတို့သည် စည်းလုံးညီညွတ်စွာ တစ်သားတည်းနေထိုင်လာခဲ့ကြပြီး အချုပ်အခြာ အာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ် ထူထောင်ကာထည်ဝါစွာ ရပ်တည်ခဲ့ကြပေသည်။ ကိုလိုနီနယ်ချဲ့တို့၏ကျူးကျော်မှုကြောင့် ၁၈၈၅ ခုနှစ်တွင် နိုင်ငံတော်အာဏာလုံးဝလက်လွတ် ဆုံးရှုံးခဲ့ ရပေသည်။ တိုင်းရင်းသားပြည်သူအပေါင်းတို့သည် စည်းလုံးညီညွတ်မှုစွမ်းအားဖြင့် နယ်ချဲ့ဆန့် ကျင်ရေး နှင့် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများကို အသက်ပေါင်းများစွာစတေး၍ ဆင်နွှဲခဲ့ကြသော ကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံတော် အဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့ပေသည်။ လွတ်လပ်ရေးအမြန်ရရှိရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အလျင်အမြန်ရေးဆွဲကာ ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် တိုင်းပြည်ပြုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့ပြီး လွတ်လပ်ရေး ရရှိသောအခါ နိုင်ငံတော်တွင် အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ပါလီမန်ဒီမိုကရေစီစနစ်ကို ဖော်ဆောင် ကျင့်သုံးခဲ့ကြပေသည်။ သို့ရာတွင် နိုင်ငံတော်၌ ဒီမိုကရေစီစနစ်ကို ပီပြင်စွာ ကျင့်သုံးနိုင်မှုမရှိသဖြင့် ၁၉၇၄ ခုနှစ်တွင်တစ်ပါတီပုံစံကိုအခြေခံလျက် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲပြီး ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ အတည်ပြုပြဋ္ဌာန်းကာ ဆိုရှယ်လစ်ဒီမိုကရေစီ နိုင်ငံတော်အဖြစ် ကြိုးပမ်း တည်ထောင်ခဲ့ပြန်ပေသည်။ ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်၌ ဖြစ်ပေါ်လာသည့်အခြေအနေ အရပ်ရပ်ကြောင့် အဆိုပါဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ရပ်ဆိုင်းသွားခဲ့ရသည်။ ထို့နောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ပြည်သူများ၏ လိုအင်ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ်တို့ကို မိမိနိုင်ငံနှင့် လိုက်လျောညီထွေစွာ ထူထောင် နိုင်ရန်အတွက် ကြိုးပမ်းတည်ဆောက်ပေးခဲ့ပေသည်။ အနာဂတ်နိုင်ငံတော်တွင် ရေရှည်အကျိုးရှိပြီးခိုင်မာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် မရှိမဖြစ် လိုအပ်သည့်အတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၁၉၉၃ ခုနှစ်မှစ၍ အမျိုးသားညီလာခံကို ခေါ်ယူကျင်းပပေးခဲ့သည်။ အမျိုးသားညီလာခံတွင် နိုင်ငံရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊လူမှုရေးနှင့် ဥပဒေရေးရာစသည့် ရှုထောင့်မျိုးစုံမှ အတွေ့အကြုံကြွယ်ဝသည့် ပုဂ္ဂိုလ်များပါဝင်သကဲ့သို့ နိုင်ငံတော်အတွင်း တည်ရှိသည့် မြို့နယ်အားလုံးမှ တိုင်းရင်းသားကိုယ်စားလှယ်များလည်းပါဝင်ခဲ့ကြပေသည်။ အမျိုးသားညီလာခံကျင်းပရာတွင် အခက်အခဲအနှောင့်အယှက်များ ကြုံတွေ့ခဲ့ရသော်လည်း ၂၀၀၃ ခုနှစ်တွင် ချမှတ်ခဲ့သော နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်(၇) ရပ်နှင့်အညီ အမျိုးသား ညီလာခံကို ၂၀၀၄ ခုနှစ်တွင် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့်ဆက်လက်ကျင်းပခဲ့ရာ ခိုင်မာသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရန်အတွက် အခြေခံရမည့်မူများနှင့် အသေးစိတ် အခြေခံရမည့်မူများကို အနှစ်သာရပြည့်ဝစွာချမှတ်နိုင်ခဲ့ကြသဖြင့် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ၃ ရက် နေ့တွင် အမျိုးသားညီလာခံသည်အောင်မြင်စွာပြီးမြောက်ခဲ့ပေသည်။ ကျွန်ုပ်တို့ တိုင်းရင်းသားပြည်သူအပေါင်းတို့သည် အမျိုးသားညီလာခံက ချမှတ်ပေးခဲ့သည့် အခြေခံမူ များနှင့် အသေးစိတ်အခြေခံရမည့်မူများနှင့်အညီ ဤပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြခံဥပဒေကို ရေးဆွဲခဲ့ကြပေသည်။ ကျွန်ုပ်တို့တိုင်းရင်းသားပြည်သူအပေါင်းတို့သည်- - ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဦးတည်ချက်များကို အစဉ်တစိုက် မမှိတ်မသုန် စွဲမြဲစွာခံယူစောင့်ထိန်း သွားကြမည်ဟု သန္နိဋ္ဌာန်ချမှတ်၍လည်းကောင်း၊ - နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကားစေလျက် တိုင်းရင်းသားပြည်သူအများ ငြိမ်းချမ်းသာယာဝပြောရေးကို တည်တံ့ခိုင်မြဲအောင် စဉ်ဆက်မပြတ် ဆောင်ရွက်ထိန်းသိမ်း သွားကြမည်ဟု သန္နိဋ္ဌာန်ချမှတ်၍လည်းကောင်း၊ - နိုင်ငံတော်အတွင်း လူမျိုးရေးတန်းတူမှုဖြင့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ကို ခိုင်မြဲစွာမွေးမြူလျက် ထာဝစဉ် စည်းလုံးညီညွတ်စွာ အတူတကွ လက်တွဲနေထိုင်ကြမည်ဟု သန္နိဋ္ဌာန်ချမှတ်၍လည်းကောင်း၊ - ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းသင်း ဆက်ဆံရေးကို ရှေးရှုလျက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းရန်အစဉ်ကြိုးပမ်းကြမည်ဟု သန္နိဋ္ဌာန်ချမှတ်၍ လည်းကောင်း၊ ဤပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို သက္ကရာဇ် ၁၃၇၀ ပြည့်နှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက် (ခရစ်နှစ် ၂၀၀၈ ခုနှစ်၊ မေလ ၂၉ ရက် ) နေ့တွင်ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီးဖြင့် အတည်ပြုပြဋ္ဌာန်းလိုက်ကြသည်။